မုန်တိုင်းကြောင့် ကျောက်ဖြူတွင် စာသင်ကျောင်း ၄ ဆောင်နှင့် ဝန်ထမ်းနေအိမ် ၁ လုံးပျက်စီး

မုန်တိုင်းကြောင့် ကျောက်ဖြူတွင် စာသင်ကျောင်း ၄ ဆောင်နှင့် ဝန်ထမ်းနေအိမ် ၁ လုံးပျက်စီး

 

ကျောက်ဖြူ၊ မေလ ၃၀ ရက်။               ။ မေလ ၂၉ ရက်နေ့ ညဉ့်အချိန်က လေမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် စာသင်ကျောင်း ၄ ဆောင်နှင့် ဝန်ထမ်းနေအိမ် ၁ လုံးပျက်စီးသွားကာ ငွေကြေးအားဖြင့် ၁၈၇၆၀၀၀ ဖိုးဆုံးရှုံးသွားကြောင်း ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဖြူမြို့နယ် လိပ်ခမော်အုပ်စု ပြင်ရှည်ရွာမှ စာသင်ကျောင်းတွင် ၈ သိန်းခန့်၊ သိုင်းချောင်းအုပ်ချုပ်စု အချွန်းရွာ စာသင်ကျောင်းတွင် ၃၅၀၀၀၀ ကျပ်ခန့်၊ မရိန်းကျေးရွာ စာသင်ကျောင်းတွင် ၂ သိန်းကျပ်ခန့်၊ ရွာကြီးကျေးရွာ အမက ကျောင်းတွင် ၁၂၆၀၀၀ ကျပ်ခန့်နှင့် ဝန်ထမ်း နေအိမ်တစ်ဆောင်အတွက် ၄ သိန်းခန့် စုစုပေါင်း ၁၈၇၆၀၀၀ ခန့် ဆုံးရှုံးသွားခြင်းဖြစ်သည်။

အဆိုပါ ကျောင်းဆောင်များနှင့် နေအိမ်အချို့ပျက်စီးသွားသည်ဟု ဆိုသော်လည်း ကြီးမားသည့် ပျက်စီးဆုံးရှုံးမှု မဟုတ်သည့်အတွက် ပြန်လည်ပြုပြင်ပေးရန် အစီစဉ်မရှိဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က RiA သို့ ပြောသည်။

“ကြီးကြီးမားမား မရှိပါဘူး။ စာသင်ကျောင်းအချို့ပျက်စီးတယ်။ အိမ်တစ်ဆောင် အမိုးလန်တယ်။ အဲလောက်ပဲ။ အဲဒါတွေကို ကျွန်နော်တို့ မြို့နယ်က တင်ပြထားတယ်။ လုပ်ပေးဖို့ကလည်း အဲလောက်ထိ ပျက်စီးသွားတာလည်း မဟုတ်ဘူး။ ဒါဏ်ရာရတာတွေ။ အသေကြေဖြစ်သွားလည်း ကျွန်နော်တို့ ကျောက်ဖြူမှာ မရှိဘူး။”ဟု ဦးရွှေလှအောင်က ပြောသည်။

မုန်းတိုင်းတိုက်ခတ်ခဲ့မှုကြောင့် မာန်အောင်မြို့နယ်တွင် လူနေအိမ်အပါအဝင် အဆောက်အဦးအချို့ ပျက်စီးသွားကာ သေဆုံးသူ တစ်ဦးနှင့် ဒါဏ်ရာရရှိသူ ၂ ဦးရှိခဲ့ပြီး ၎င်းတို့အား ငွေကြေးအထောက်အပံ့ပေးထားကြောင်း မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ မုန်တိုင်းသည် ရခိုင်ပြည်နယ် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် အရှေ့မြောက်ဖက် မာန်အောင်နှင့် ကျောက်ဖြူမြို့ နယ်တို့တွင် ဦးတည်ကာ တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး မိုးရွာသွန်းခဲ့မှုကြောင့် လက်ရှိတွင်လည်း မြို့နယ်အချို့မှ မိသားစုဝင်တို့မှာ နေရပ်မှ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly