သမ္မတက ဥပဒေနဲ့အညီ အမိန့်ပေးလာပါက လိုက်နာဖို့အသင့်ဟု တပ်မတော်ပြော

သမ္မတက ဥပဒေနဲ့အညီ အမိန့်ပေးလာပါက လိုက်နာဖို့အသင့်ဟု တပ်မတော်ပြော
ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေ ၂၉ရက်၊ ၂၀၁၈ခုနှစ်)။ ။ တပ်မတော်အနေဖြင့် နိုင်ငံ၏ အကြီးအကဲဖြစ်သော သမ္မတက ဥပဒေနှင့်အညီ ညွှန်ကြားလာပါက လိုက်နာဆောင်ရွက်ရန် အသင့်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောကြားလိုက်သည်။

 “နိုင်ငံတော်သမ္မတက ဒီနိုင်ငံရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ အကြီးအကဲဖြစ်လို့ သူကနေပြီးတော့ တရားဥပဒေနဲ့ ညီညွတ်တဲ့ အမိန့်ပေးလာခဲ့မယ်ဆိုရင် ကျွန်တော်တို့ လိုက်နာဆောင်ရွက်ဖို့ အသင့်ပါပဲ” ဟု ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောသည်။

လက်ရှိတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင်သာ ရှိနေပြီး အစိုးရ၏ လမ်းညွှန်ချက်အတိုင်းသာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုများ အဆင်ပြေချောမွေ့စေရန် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် တပ်မတော်အနေဖြင့် ထိုးစစ်များရပ်ရန် ပြီးခဲ့သည့် အစိုးရလက်ထက်က ညွှန်ကြားမှု ရှိခဲ့ပြီး လက်ရှိ အစိုးရက ထိုသို့ ညွှန်ကြားလာပါက လိုက်နာရန် ရှိ၊ မရှိ နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနတွင် ယနေ့ပြုလုပ်သည့် အစိုးရသက်တမ်း ဒုတိယနှစ်အတွင်း ဆောင်ရွက််ချက်များအပေါ် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေ(KIA)တို့အကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် ဧပြီလ တစ်လအတွင်းတွင်ပင် စစ်ဘေးရှောင် ဒေသခံ ၅,၀၀၀ ကျော် ရှိခဲ့သည်ဟု ကုလသမဂ္ဂက ယခုလဆန်းပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍လည်း ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက “သတ်မှတ်ထားတဲ့နေရာတွေ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ရဲ့ အုပ်ချုပ်မှုတပ်တွေ၊ တပ်ရင်းဌာနချုပ်တွေ ဝင်တိုက်တယ်။ ပြည်ထောင်စုလမ်းမကြီးပေါ် တက်ပြီးတော့ကို ဆက်ကြေးကောက်တယ်။ လူသတ်တယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်တယ်။ ပြီးတဲ့အခါမှာ မိုင်းထောင်ဖောက်ခွဲမှုတွေ၊ ဖျက်ဆီးမှုတွေ လုပ်တယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့တွေရဲ့ အုပ်ချုပ်မှုယန္တယားတွေပေါ့နော်။ အစိုးရရဲ့ယန္တယားတွေ အများကြီး ဒုက္ခရောက်သွားနိုင်တဲ့အတွက်ကြောင့် ပြန်လည်ပြီးတော့ တုံ့ပြန်ရခြင်းပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် NCA လမ်းကြောင်းကို ဖွင့်ပေးထားပြီး NCA လမ်းကြောင်းအတိုင်း သွားပါက ငြိမ်းချမ်းရေး မရနိုင်စရာ မရှိကြောင်းလည်း ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ဆိုသည်။

“လက်နက်ကိုင်ပြီးတော့ ရရှိနေတဲ့ မိမိရဲ့ အခွင့်အရေးတွေကို မစွန့်လွတ်ချင်ဘူး။ လက်နက်ကိုင်ပြီးတော့ ဒီဟာကို ထိန်းသိမ်းပြီး ဆောင်ရွက်နေမယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ ငြိမ်းချမ်းပြီးတော့ သွားနိုင်မယ့်အကြောင်း မရှိပါဘူး။ ဒါကြောင့် ဒီ NCA လမ်းကြောင်းအတိုင်းသာလျှင် သွားမှသာလျှင် ငြိမ်းချမ်းရေး ရရှိမယ်ဆိုတဲ့အကြောင်း ပြန်လည် ဖြေကြားလိုပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် ပြီးခဲ့သည့် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့နှင့် လက်ရှိ NLD ဦးဆောင်သည့် အစိုးရလက်ထက်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ နှစ်ဖွဲ့၊ စုစုပေါင်း ဆယ်ဖွဲ့ လက်မှတ်ရေးထိုးပြီး ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly