ရိုက်တာသတင်းထောက် အမှုတွင် နည်းပညာကျွမ်းကျင်သူအဖြစ် သက်သေထွက်ဆိုခဲ့သူမှာ ဘွဲ့ရမဟုတ်သူဟု ရိုက်တာရှေ့နေပြော

ရိုက်တာသတင်းထောက် အမှုတွင် နည်းပညာကျွမ်းကျင်သူအဖြစ် သက်သေထွက်ဆိုခဲ့သူမှာ ဘွဲ့ရမဟုတ်သူဟု ရိုက်တာရှေ့နေပြော

ရန်ကုန်၊ မေလ ၂၉ ။           ။ ရိုက်တာသတင်းထောက်အမှုတွင် နည်းပညာကျွမ်းကျင်သူ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သော ရဲမှူးမှာ တက္ကသိုလ် ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိထားသူတစ်ဦး မဟုတ်ဟု  ရိုက်တာသတင်းထောက်နှစ်ဦးဘက်မှ လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က တရားခွင်မှ အထွက်တွင် ပြောသည်။

ရိုက်တာသတင်းထောက်နှစ်ဦးအမှုနှင့် ပတ်သက်ပြီး နည်းပညာကျွမ်းကျင်သူအနေဖြင့် နေပြည်တော် နည်းပညာမှုခင်းဌာန၊ ရဲမှုခင်းတပ်ဖွဲ့မှ ရဲမှူးအောင်ကျော်ဆန်းက တရားခွင်အတွင်း လာရောက်ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ကျွန်တော်တို့ CID က နည်းပညာကျွမ်းကျင်သူ ရဲမှူးအောင်ကျော်ဆန်းကို စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာတော့ သူက ကွန်ပျူတာနဲ့ ပတ်သက်ပြီးတော့ တက္ကသိုလ်ဒီဂရီတစ်ခုခုက ဘွဲ့ရခဲ့တဲ့သူမဟုတ်ဘူး” ဟု ဦးသန်းဇော်အောင်က ပြောသည်။

အဆိုပါ နည်းပညာကျွမ်းကျင်သူ တရားလိုပြသက်သေ ရဲမှူးအောင်ကျော်ဆန်း အနေဖြင့် တက္ကသိုလ် ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိထားသူတစ်ဦး ဟုတ်မဟုတ် ဆိုသည်ကို မဇ္စျိမအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ယင်းအမှုနှင့် ပတ်သက်ပြီး ရိုက်တာသတင်းထောက်နှစ်ဦးကို ယနေ့ မေလ ၂၉ ရက်တွင် အကြိမ် ၂၂ မြောက် ရုံးထုတ်ခဲ့ပြီး နေပြည်တော် နည်းပညာမှုခင်းဌာန၊ ရဲမှုခင်းတပ်ဖွဲ့မှ ရဲမှူး အောင်ကျော်ဆန်းကို ဆက်လက် စစ်ဆေးခဲ့သည်။

ရဲမှူး အောင်ကျော်ဆန်းကို မေလ ၂၁ ရက်နေ့မှ စတင်စစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့ မေလ ၂၉ နေ့ ရုံးချိန်းတွင် လေးကြိမ်မြောက်ရှိပြီဖြစ်သည်။

“ ရုံးတော်မှာ တင်သွင်းထားတဲ့ တယ်လီဖုန်းတွေကို စစ်ဆေးပါတယ်ဆိုတဲ့ CID အဖွဲ့၊ နည်းပညာအဖွဲ့က ဘယ် သူတွေ ဘယ်အချိန်မှာ စစ်ဆေးတယ်။ ဘယ်ဖုန်းကို ဘယ်လိုဘယ်လို ကိုင်တွယ်တယ်ဆိုတာကိုလည်း သက် သေထင်ရှားမပြနိုင်ဘူး။ အဲ့ဒီတော့ ပြီးခဲ့တဲ့ ၂ ရက်ထိထွက်ဆိုသွားတဲ့အချိန်မှာ ကျွမ်းကျင်သူလို့ ပြောတဲ့ လာရောက် သက်သေထွက်ဆိုသွားတဲ့သူက ဒီဖုန်းကို ပါဝါစဖွင့်တဲ့အချိန်မှာတောင်မှ သူကိုယ်တိုင်မဖွင့်နိုင်လို့ တခြားအကူတစ်ယောက်ကို ခေါ်ပြီးတော့ ဖွင့်ရတယ်ဆိုတဲ့ဟာက ရုံးတော်ရှေ့မှာ ထင်လည်း ထင်ရှားပြီး ပါပြီ”ဟု ရိုက်တာသတင်းထောက် နှစ်ဦးဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

ရဲလက်စွဲ ဥပဒေတွင်လည်း သက်သေခံပစ္စည်းများအား ကိုင်တွယ်သည့် အခါ လက်အကူးအပြောင်း နည်းနိုင် သမျှနည်းစေရမည်ဟု ပါရှိပြီး အဆိုပါ လက်ကိုင်ဖုန်းမှာ CID သို့ မရောက်မီ လူဘယ်နှစ်ဦး ထိတွေ့ ကိုင်တွယ် ခဲ့သည်ကို မသိနိုင်ကြောင်း၊ CID တွင်လည်း လက်ကိုင်ဖုန်းအား မည်သို့ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် စစ်ဆေး သည်ကို မသိရှိနိုင်ကြောင်း ဦးသန်းဇော်အောင်က ဆက်ပြောသည်။

“ ဒီနေ့ IT ပညာရှင်နဲ့ ဆက်ပြီးတော့ စစ်ဆေးတဲ့အနေအထားမှာ အများကြီး ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး သူတို့ ကျွန်တော်တို့ ဖုန်းတွေ ယူထားကတည်းကိုက ဘယ်လိုအချက်အလက်တွေ ဘာတွေထည့်လဲဆိုတာ ကျွန်တော်တို့ ဘာမှမသိဘူး။ သူတို့ကတော့ အတင်း ပေါ့လေ။ ကျွန်တော်တို့ကို ဥပဒေချိုးဖောက်တယ်။ ကျွန်တော်တို့ကို လျှို့ဝှက်ချက်ဥပဒေနဲ့ မငြိငြိအောင်ဆိုတဲ့ သဘောမျိုးနဲ့ပဲ အမြဲတမ်းပဲ သူတို့ တရားခွင်မှာ ထွက်ဆိုတဲ့ အနေအထားတွေကို တွေ့ရတယ်”ဟု ဖမ်းဆီးခံ ရိုက်တာသတင်းထောက် ကိုဝလုံးက ပြောသည်။

ထိုသို့ ရဲမှူးအောင်ကျော်ဆန်း တင်သွင်းခဲ့သော အချက်အလက်များထဲတွင် အင်းဒင်ကျေးရွာလူသတ်မှုနှင့် စပ်ဆိုင်သည့် အချက်အလက်များ ပါဝင်ခြင်းမရှိသည့် အပြင် အချို့အချက်အလက်များမှာ ရိုက်တာသတင်း ထောက်နှစ်ဦး လုံးဝမသိရှိသည့် အချက်အလက်များပါ ပါဝင်နေသည်ဟု  ဦးသန်းဇော်အောင်က ပြောသည်။

သတင်းထောက်နှစ်ဦး မသိရှိသည့် အချက်အလက်များမှာ Facebook Messenger များမှတဆင့် ဝင်ရောက်နေ သည့် အချက်အလက် များဖြစ်နိုင်ကြောင်း ရိုက်တာသတင်းထောက်နှစ်ဦး ပြောပြချက်အရ သိရသည်။

ရုံးတော်တွင် သက်သေခံအဖြစ် တင်သွင်းခဲ့သော အချက်အလက်များမှာလည်း ဒုတိယသမ္မတခရီးစဉ် အကြောင်းအရာအချို့၊ ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံခရီးစဉ်ဆိုင်ရာ လုံခြံုရေးအစီအမံကိစ္စ ၊ ဒုရဲမှူး ဦးမိုးရန်နိုင် ရဲအုပ်မှ ဒုရဲမှူးအဖြစ် ရာထူးတိုးခဲ့သော စာရွက်စာတမ်းများ၊ ရခိုင်ပြည်နယ်လွှတ်တော်သို့ မာန်အောင်ကျွန်း ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များပါ အကြောင်းအရာအချို့ စသည့်တို့ကို ဓာတ်ပုံအဖြစ် ဖုန်းထဲတွင် တွေ့ရှိခဲ့ရသည့် အချက်အလက်များဖြစ်သည်ဟုဆိုသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ခရိုင်တရားသူကြီးက လာမည့် ဇွန်လ ၄ ရက်နှင့် ၅ ရက်နေ့သို့ ပြန်လည် ချိန်းဆိုလိုက်ပြီး အဆိုပါ ရုံးချိန်းတွင်လည်း နေပြည်တော် နည်းပညာမှုခင်းဌာန၊ ရဲမှုခင်းတပ်ဖွဲ့မှ ရဲမှူး အောင်ကျော်ဆန်းကိုသာ ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required