ထိပ်သီးအစည်းအဝေးအကြို အမေရိကန်နှင့် မြောက်ကိုရီးယား နှစ်ဘက်ကိုယ်စားလှယ်များ စင်ကာပူတွင် တွေ့ဆုံဆွေးနွေး

ထိပ်သီးအစည်းအဝေးအကြို အမေရိကန်နှင့် မြောက်ကိုရီးယား နှစ်ဘက်ကိုယ်စားလှယ်များ စင်ကာပူတွင် တွေ့ဆုံဆွေးနွေး

မေ ၂၉ ။           ။ ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျံုအန်းတို့အကြား ဖြစ်နိုင်ခြေရှိ ထိပ်သီးအစည်းအဝေးအတွက် အကြို ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ရန် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များသည် မေလ ၂၉ ရက်က စင်ကာပူတွင် လာရောက်တွေ့ဆုံဆွေးနွေးကြသည်ဟု သိရသည်။

လာမည့် ဇွန်လ ၁၂ ရက်တွင် ယင်းနိုင်ငံတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ခေါင်းဆောင်ကြီးနှစ်ဦးအကြား ထိပ်သီးအစည်းအဝေးအတွက် လိုအပ်သည့် ထောက်ပံ့ဖြည့်ဆည်းမှု ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အဆိုပါ နှစ်ဘက်ကိုယ်စားလှယ်များက စင်ကာပူသို့လာရောက် ဆွေးနွေးနေကြခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းတို့အကြား ထိပ်သီးအစည်းအဝေးနှင့် သက်ဆိုင်သည့် ခန်းမနေရာ၊ အခမ်းအနား၊ လုံခြံုရေး စသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ယခု အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။

ယခု စင်ကာပူတွင် ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ကင်မ်ဂျံုအန်း၏ ထိပ်တန်းလက်ထောက်တစ်ဦး မေလ ၂၈ ရက် ညပိုင်းကတည်းက စင်ကာပူသို့ ရောက်ရှိနေလျက်ရှိသည်။

အလားတူ အမေရိကန် ကိုယ်စားလှယ်အဖွဲတစ်ခုသည်လည်း မြောက်ကိုရီးယားကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် စင်ကာပူသို့ သွားရောက်နေပြီဖြစ်ကြောင်း အိမ်ဖြူတော်ကလည်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly