Billboard အယ်လ်ဘမ် ၂၀၀ ဇယား၌ နံပါတ်တစ်နေရာကို ပထမဦးဆုံးရယူနိုင်သည့် ကေပေါ့ပ်အဖွဲ့ BTS

Billboard အယ်လ်ဘမ် ၂၀၀ ဇယား၌ နံပါတ်တစ်နေရာကို ပထမဦးဆုံးရယူနိုင်သည့် ကေပေါ့ပ်အဖွဲ့ BTS

 

တောင်ကိုရီးယားအမျိုးသားပေါ့ပ်ဂီတအဖွဲ့ BTS သည် အမေရိကန်သီချင်းအယ်လ်ဘမ်ဇယား၌ ရောင်းအား အကောင်းဆုံး နံပါတ်တစ်နေရာကိုရယူနိုင်သည့် ပထမဦးဆုံး ကေပေါ့ပ်ဂီတအဖွဲ့တစ်ခုဖြစ်လာခဲ့သည်။

တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ BTS ၏ အယ်လ်ဘမ်အသစ် Love Yourself: Tear သည် အချပ်ရေ ၁၃၅၀၀၀ ခန့်ရောင်းချနိုင်ခဲ့ပြီး Post Malone ၏ နာမည်ကြီးအယ်ဘမ်ကို ကျော်ဖြတ်ပြီး အမေရိကန် Billboard ၏ အကောင်းဆုံးအယ်ဘမ် ၂၀၀ ဇယား၌ နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့ကြောင်း သိရသည်။

Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်လ်ဘမ်အချပ်လိုက် ရောင်းချရမှု များ၊ သီချင်းရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ်မှတ်ခြင်း ဖြစ်သည်။

ဒါ့အပြင် BTS ၏ အယ်လ်ဘမ်သည် ၁၂ နှစ်တာကာလအတွင်း နိုင်ငံခြားဘာသာဖြင့်သီဆိုထားသည့် သီချင်း အယ်ဘမ်များထဲ၌ Billboard အယ်ဘမ်ဇယား၏ နံပါတ်တစ်နေရာကို ရယူနိုင်သော ပထမဦးဆုံးအယ်ဘမ် တစ်ချပ်ဖြစ်ကြောင်း Billboard ၏ အဆိုအရ သိရသည်။

ယခုလိုအောင်မြင်မှုနှင့်ပက်သက်၍ အဖွဲ့ခေါင်းဆောင် RM က “ကျနော့်မှာ ပြောချင်တာတွေအများကြီးရှိပါတယ် Billboard 200 ရဲ့ နံပါတ်တစ်နေရာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကြားကြားချင်းတုန်းက တကယ်ကြီးပဲလို့ မယုံ ကြည်နိုင်ခဲ့ပါဘူး။ ဒီနေ့တော့ ကျနော့်ရဲ့ BTS အဖွဲ့သားတွေနဲ့အတူ အောင်ပွဲခံလိုက်ပါဦးမယ်။ မနက်ဖြန်မှာတော့ ကျနော်တို့ရဲ့ အယ်ဘမ်နဲ့သီချင်းများအတွက် အလုပ်ဆက်လုပ်ပါမယ်။ ကမ္ဘာတစ်ဝန်းက ကျနော်တို့ရဲ့ ARMY များကိုလည်း ကျေးဇူးတင်ပါတယ်။ BTS တစ်ဖွဲ့လုံး ကောင်းသထက်ကောင်းအောင် ကြိုးစားသွားပါဦးမယ်” ဟု ပြောဆိုခဲ့သည်။

၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့သား ရ ဦးပါ၀င်သည့် BTS အဖွဲ့သည် ၄င်းတို့၏ကကွက်များ၊ လှပချောမောသော ရုပ်ရည်များနှင့် အဆိုပညာတို့အပြင် ၄င်းတို့၏ ARMY ဟုခေါ်သော ပရိသတ်ထုကြောင့် လည်း ကိုရီးယားနိုင်ငံ၌သာမက ကမ္ဘာတစ်ဝန်း ထင်ပေါ်ကျော်ကြားသူများဖြစ်ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required