ကလေးငယ်တစ်ဦးကို စွန့်စွန့်စားစား ကယ်တင်ခဲ့သည့် မာလီလူငယ် ပြင်သစ်သမ္မတနှင့် တွေ့ခွင့်ရပြီး နိုင်ငံသားဖြစ်ခွင့်ပါ ရရှိ

ကလေးငယ်တစ်ဦးကို စွန့်စွန့်စားစား ကယ်တင်ခဲ့သည့် မာလီလူငယ် ပြင်သစ်သမ္မတနှင့် တွေ့ခွင့်ရပြီး နိုင်ငံသားဖြစ်ခွင့်ပါ ရရှိ

မေ ၂၉ ။            ။ ပါရီမြို့ရှိ အဆောက်အအုံတစ်ခု၏ လေးထပ်လသာဆောင်တွင် တွဲလွဲကျနေသည့် ၄ နှစ်သားအရွယ် ကလေးငယ်တစ်ဦးအား သက်စွန့်ဆံဖျား သွားရောက်ကယ်တင်ပေးခဲ့သည့် မာလီရွှေ့ပြောင်းလူငယ်အား ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က သမ္မတအိမ်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

မာမူဒို ဂက်စ်ဆာမာ အမည်ရ အသက် ၂၂ နှစ်အရွယ် မာလီရွှေ့ပြောင်းလူငယ်၏ သူရဲကောင်းဆန်သည့် လုပ်ရပ်ကြောင့် ကမ္ဘာတစ်ဝှမ်း သတင်းခေါင်းစဉ်များတွင် ချီးကျူးအမွှမ်းတင်ခံခဲ့ရပြီးနောက် ပြင်သစ်သမ္မတက မေလ ၂၈ ရက်တွင် ၎င်းအား ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံပြီးနောက် အဆိုပါ မာလီလူငယ်မှာ ပြင်သစ်နိုင်ငံသားခံယူခွင့် ရရှိခဲ့ပြီဖြစ်သလို မီးသတ်သမားအဖြစ် အလုပ်လုပ်ကိုင်ခွင့်ကိုပါ ရရှိခဲ့ကြောင်း သိရသည်။

ဂက်စ်ဆာမာမှာ  အဆောက်အအုံတစ်ခု လေးထပ် လသာဆောင်တစ်ခုတွင် တွဲလွဲကျနေသည့် ကလေးငယ်တစ်ဦးကို တွေ့တွေ့ချင်းချင်းမှာပင် အောက်ထပ် လသာဆောင်တစ်ခုကနေ တစ်ခုသို့ မြန်မြန်ဆန်ဆန် တွယ်တက်သွားပြီး သွားရောက်ကယ်တင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်း ကယ်တင်ပေးခဲ့သည့် ဖြစ်ရပ်ကို အနီးရှိ ရပ်ကြည့်နေခဲ့သူ တစ်ယောက်က ဗီဒီယိရိုက်ကူးကာ လူမှုကွန်ရက်သို့ တင်လိုက်ရာမှ လူအများ သိရှိသွားကြခြင်း ဖြစ်သည်။

ယင်းနောက် ဂက်စ်ဆာမာမှာ "Spiderman" အဖြစ်ပါ ပြင်သစ်မီဒီယာများတွင် အမွှမ်းတင်ခြင်းခံခဲ့ရသည်။

ယခုကဲ့သို့ ပြင်သစ်နိုင်ငံသားခံယူခွင့်ရခဲ့သည့် မစ္စတာ ဂက်စ်ဆာမာမှာ ယမန်နှစ်တုန်းက ဘဝသစ် ရှာဖွေရန် ယင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် ရွှေ့ပြောင်းလူငယ်တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် ပြင်သစ်သို့ ရောက်ရှိရန်အတွက် ရှည်လျားဝေးကွာပြီး အန္တရာယ်များသည့် ခရီးတစ်ခုကို စွန့်စားထွက်ခွာလာခဲ့ရသူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required