တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းနှင့်ပတ်သတ်၍ ဆွေးနွေးပွဲပြုလုပ်

တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းနှင့်ပတ်သတ်၍ ဆွေးနွေးပွဲပြုလုပ်

ရန်ကုန်၊ မေလ ၂၈ရက် ။                    ။ တရုတ်ခေါင်းဆောင်များမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သို့ တင်သွင်းထားသော တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းနှင့်ပတ်သတ်၍   ဆွေးနွေးပွဲတစ်ခုကို မေလ ၂၈ရက်နေ့က ရန်ကုန်မြို့ Lotte Hotel ၌ ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးတို့အပြင် ဆက်သွယ်ရေး၊ စွမ်းအင်နှင့် ပြည်သူချင်းဆက်ဆံရေးဆိုင်ရာ   ခေါင်းစဉ်များကို   ဆွေးနွေးခဲ့ကြသည်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံစဉ်က တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း အဆိုကို တင်သွင်းခဲ့သည်။

၄င်းစင်္ကြံလမ်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်အစပြု၍ မြန်မာနိုင်ငံ မန္တလေးမြို့သို့တိုးချဲ့ကာ ရန်ကုန်မြို့နှင့် ရခိုင်အထူးစီးပွားရေးဇုန်များသို့ ဆက်သွယ်ထားသည့် မဏ္ဍိုင် ၃ရပ်ပါ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအဖြစ် ရည်ရွယ်ထားသည်။

"မြန်မာနိုင်ငံအတွက် အကြီးမားဆုံးနဲ့ရေရှည်စိန်ခေါ်မှုဟာ ဥတုရာသီပြောင်းလဲမှုအပြင် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်မှုဖြစ်ပါတယ်။ ဒါဟာနည်းပညာပိုင်းအရအခက်အခဲမဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ ယဉ်ကျေးမှုအရ တဖြည်းဖြည်းအင်အားကြီးလာတဲ့နိုင်ငံရဲ့ အိမ်နီးချင်းအဖြစ် အကောင်းဆုံးဘယ်လိုအကျိုးအမြတ်ရှိမလဲဆိုတဲ့ မျှော်မှန်းချက်ထားရှိဖို့ လိုအပ်ပါတယ်" ဟု ဦးဆောင်ဆွေးနွေးသူ ဒေါက်တာသန့်မြင့်ဦး က ပြောသည်။

ဆွေးနွေးပွဲကို ဦးသန့်နေအိမ်နှင့် ယူနန်တက္ကသိုလ်ရှိ မြန်မာ့အရေးလေ့လာမှုဆိုင်ရာအဖွဲ့တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။

ပီကင်းတက္ကသိုလ်မှပါမောက္ခ ဇူခွန်၊ ယူနန်တက္ကသိုလ်မြန်မာ့အရေးလေ့လာမှုဆိုင်ရာ ဦးဆောင်သူ ပါမောက္ခ လီချမ်းယန်၊ Hehai တက္ကသိုလ်မှ ရှိဂိုဂျင်း၊ ဒေါက်တာသန့်မြင့်ဦး၊   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ Ecodev ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမျိုးသူ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဒေါက်တာသန့်သော်ကောင်းနှင့်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြံုးကေသီနိုင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံမှ စီးပွားရေးပညာရှင်များ၊ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ဘေဂျင်းမြို့၊ ကူမင်းမြို့တို့မှ တရုတ်ပညာရှင် ၁၄ ဦး စုစုပေါင်း ၃၅ ဦးခန့် တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly