စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းကိစ္စ သမ္မတရုံးကသာ ဆုံးဖြတ်မည်ဟုဆို

စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းကိစ္စ သမ္မတရုံးကသာ ဆုံးဖြတ်မည်ဟုဆို
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ရန်ကုန်၊ မေ ၂၇ ။             ။ နုတ်ထွက်သွားသော စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း အဂတိလိုက်စားခဲ့မှု ရှိ မရှိကို သမ္မတရုံး၏ အဆုံးအဖြတ်ကိုသာ စောင့်ရမည်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ညွှန့်က မဇ္ဈိမသို့ ပြောသည်။

“ ကျွန်တော်ထင်တယ် အကြီးဆုံးရုံး (သမ္မတရုံး) ကပဲ နောက်ပိုင်းတော့ သတင်းထုတ်လိမ့်မယ်။ ကျွန်တော်တို့ အပိုင်းကတော့မရှိတော့ဘူး။ တာဝန်အကြီးဆုံးလူလည်းဖြစ်တဲ့အခါကျတော့ အဆုံးအဖြတ်ကလည်း အဲဒီကပဲ မူတည်တော့မှာပေါ့။ ကျွန်တော်တို့ လုပ်ပိုင်ခွင့်မဟုတ်တော့ဘူးလေ ” ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ညွှန့်က ဆိုသည်။

အဂတိလိုက်စားမှုဖြင့် မေလ ၃ ရက်က တိုင်ကြားခံထားရသော ဦးကျော်ဝင်းနှင့်ပတ်သက်၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး ကော်မရှင်၏ စုံစမ်းစစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကို မေလ ၂၅ ရက်တွင်  နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ပြီး အဆိုပါနေ့တွင်ပင် ၄င်းကို  နုတ်ထွက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကော်မရှင်သည် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစွာဖြင့် လျှို့ဝှက်အဆင့်အတန်း သတ်မှတ်ထားသည့် ကိစ္စမှတစ်ပါး ကော်မရှင်၏ ဆုံးဖြတ်ချက်များကို သင့်လျော်သည့်အချိန်တွင်ထုတ်ပြန် ပေးသွားမည် ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ မေလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဦးကျော်ဝင်းသည် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်   ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ဖြစ်ပြီး ကိုယ်စားလှယ်မှ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရချိန်တွင်လည်း ဒေါက်တာဘွဲ့လက်မှတ်နှင့် ပတ်သက်ပြီး ဝေဖန်ခံခဲ့ရသူ ဖြစ်သည်။

လက်ရှိအချိန်တွင် စီမံဘဏ္ဍာဝန်ကြီးဟောင်းအနေဖြင့် အဂတိလိုက်စားခဲ့မှု ရှိမရှိ မသိရှိရသေးဘဲ နိုင်ငံတော် သမ္မရုံး၏ အဆုံးအဖြတ်ကိုသာစောင့်ဆိုင်းရတော့မည်ဖြစ်သည်။

စီမံဘဏ္ဍာဝန်ကြီးဟောင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်နုတ်ထွက်ခဲ့သူများထဲတွင် ရာထူးအကြီးဆုံးသူ တစ်ယောက်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required