ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်ရောက်လာသော လူ ၆၂ ဦးကို ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်

ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်ရောက်လာသော လူ ၆၂ ဦးကို ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်
မောင်တောမြို့နယ် ငါးခူရ ပြန်လည် လက်ခံရေး စခန်းအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ-အေးချမ်းခိုင်

မေလ ၂၇ ။           ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော ၆၂ ဦးကို မေလ ၂၆ ရက်နေ့တွင် ဘူးသီးတောင်မှ ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး   နှစ်နိုင်ငံသဘောတူညီချက်အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ် များ လွတ်ငြိမ်းသက်သာခွင့် ပြုထားကြောင်း သိရသည်။

 “ မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာသော နေရပ်စွန့်ခွာသူများအား အကြမ်းဖက်မှုများတွင် ပါဝင်ခဲ့ ခြင်း ရှိ၊ မရှိ စိစစ်ပြီးနောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သူ ၅၈ ဦးနှင့် တရားစွဲဆိုမှု ရုပ်သိမ်းခဲ့သူ ၄ ဦး၊ စုစုပေါင်း ၆၂ ဦးကို မေလ ၂၆ ရက်နေ့တွင် ဘူးသီးတောင်မှ ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့  ပို့ဆောင်ပေးခဲ့ပြီး နှစ်နိုင်ငံသဘောတူညီချက် များနှင့်အညီ လိုအပ်သည့် ပုံစံများဖြည့်စွက်ခြင်း၊ စိစစ်ခြင်းတို့ကို ပြုလုပ်ပြီးနောက် မကြာမီ လှဖိုးခေါင်ကြားစခန်းတွင် ခေတ္တနေရာချထားမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု အတိုင်ပင်ခံရုံး၏ မေလ ၂၇ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၄င်းတို့အစီအစဉ်ဖြင့် ယခုကာလအတွင်း ပြန်လည်ဝင်ရောက်မှုများ ရှိခဲ့ပြီး ဝင်ရောက်လာကြသူများအား ဒေသခံအဖွဲ့အစည်းများက တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးအရေးယူကာ အချို့ကို ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်ခဲ့သဖြင့် ကျခံရသော ပြစ်ဒဏ်များကို နိုင်ငံတော် သမ္မတက လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ထိုးထားသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး သဘောတူညီချက်၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ ၁၉၉၃ ခုနှစ် သဘောတူညီချက်တွင် ဖော်ပြထားသည့်အတိုင်း နေရပ်စွန့်ခွာသူများ ပြန်လည်ရောက်ရှိလာလျှင် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိပါက အရေးယူခြင်း ပြုမည် မဟုတ်ကြောင်း သဘောတူညီ ထားခဲ့ခြင်း ဖြစ်သည်။

၁၉၉၃ ခုနှစ် မေလတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ တောင်းဆိုမှုအရ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အကြား သဘောတူစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းစာချုပ်အရ ခန့်မှန်းခြေ ဒုက္ခသည် ၅ သောင်းခန့်ကို မြန်မာဘက်က ပြန်လည်လက်ခံခဲ့ရသည်။

ပြန်လည်လက်ခံရေးစခန်းများဖြစ်သော မောင်တော တောင်ပြို လက်ဝဲနှင့် ငါးခူရစခန်း တို့တွင် စိစစ် လက်ခံ သွားမည် ဖြစ်ပြီး ပြန်လည်လက်ခံရေးစခန်းများမှ စိစစ်လက်ခံပြီးသူများကို လူဦးရေ ၃၀၀၀၀ ခန့် အထိ ယာယီ နေထိုင်နိုင်မည့် လှဖိုးခေါင်စခန်းတွင် ယာယီ ထားရှိသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly