ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရန်ကုန်မြို့အခြေစိုက် မွတ်စ်လင်ကုသိုလ်ဖြစ် ဆေးရုံက ရရှိ

ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရန်ကုန်မြို့အခြေစိုက် မွတ်စ်လင်ကုသိုလ်ဖြစ် ဆေးရုံက ရရှိ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

မေလ ၂၇ ။             ။ ၂၀၁၈ ခုနှစ် နဝမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရန်ကုန်မြို့အခြေစိုက် မွတ်စ်လင်ကုသိုလ်ဖြစ် ဆေးရုံက ရရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ဂုဏ်ရည်အသင်း၏ အခြေခံမူများနှင့် စိစစ်ပြီး ဆုရွေးချယ်ရေး အဆင့်များဖြင့် ရွေးချယ်ခြင်း နောက်ဆုံး အဆင့်ကို မေလ ၆ ရက်တွင် ပြုလုပ်ခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲများ၏ ဆုံးဖြတ်ချက်ဖြင့် နဝမအကြိမ် မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် မေလ ၂၆ ရက် ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ကြေညာချက်အမှတ် ၅/၂၀၁၈ အရ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည် (အထူးဆု) ၃ ဆုလည်း ပါ၀င်ပြီး ဆုရှင်များမှာ နွမ်းပါးပညာရေး အလှူအဖွဲ့ ၊ ဒေါက်တာမြတ်စန္ဒာသန့် (မြင့်မိုရ်မေတ္တာ ခိုနားရာ တည်ထောင်သူ)နှင့် ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း တို့ ဖြစ်သည်။

ပြည်သူ့ဂုဏ်ရည်ဆုအတွက်အဆိုပြုထားသော အဖွဲ့အစည်း လူပုဂ္ဂိုလ်များနှင့် ပတ်သက်သည့် အချက်အလက် များ စုဆောင်းခြင်း၊ ပဏာမ ရွေးချယ်ခြင်း၊ ဆန်ခါတင်အဆင့်ရွေးချယ်ခြင်း၊ အပြန်အလှန် ဆွေးနွေးတိုင်ပင်ခြင်း စသဖြင့် ပြည်သူ့ဂုဏ်ရည်အသင်း၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြပြီးနောက် ယင်းသို့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ နဝမ - အကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကြေညာပွဲအခမ်း အနားကို အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ Albany မြို့တွင် ကျင်းပခဲ့ပြီး ပြည်သူ့ဂုဏ်ရည်ဆုရှင် နှင့် အထူးဆုရှင်များအတွက် ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကို မကြာမီ ရက်ပိုင်းအတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း Citizen of Burma Award မှ ကြေညာထားသည်။

ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း) ရှိ မွတ်စ်လင်ကုသိုလ်ဖြစ် ဆေးရုံသည် လူမျိုးဘာသာမရွေး အခမဲ့ ဆေးကုသပေးနေပြီး ယခု ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်းတင်သွင်းခံရပြီးနောက် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည် (အထူးဆု) ၃ ဆုတွင် ဆုရှင်တစ်ဦးဖြစ်သည့် ဒေါက်တာမြတ်စန္ဒာသန့် (မြင့်မိုရ်မေတ္တာ ခိုနားရာ တည်ထောင်သူ)သည် သက်ငယ်မုဒိမ်းနှင့် ကလေးမွေးဖွားသူ Single mother များအတွက် ဖောင်းဒေးရှင်းတည်ထောင်ကာ ကူညီပေးသူ ဖြစ်သည်။

ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာပြည်တွင်းမှ ဂုဏ်ပြုထိုက်သော လူမှုရေးသူရဲကောင်းများကို ဖော်ထုတ် ဂုဏ်ပြုသွားရန်နှင့် အမှန်တကယ် အကူအညီ လိုအပ်နေသည့် မြန်မာပြည်တွင်း လူမှုရေးအသင်းအဖွဲ့များကို အားပေးကူညီသွားရန် ရည်ရွယ်ပြီး ပြည်ပရောက် မြန်မာတိုင်းရင်းသားများက  “ပြည်သူ့ဂုဏ်ရည်အသင်း” (Citizen of Burma Award Organization) ကို ထူထောင်ကာ နှစ်စဉ် ဆုချီးမြှင့်နေခြင်း  ဖြစ်သည်။

၂ဝ၁၇ ပြည်သူ့ဂုဏ်ရည်ဆုကို ဆရာတော်ဦးနာယက ဦးဆောင်သော ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးတွဲဖက် အထက်တန်းကျောင်းက ရရှိခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အထူးဆုများကို   မြင့်မိုရ်မေတ္တာ ပရဟိတဂေဟာ တည်ထောင်သူ ကိုစိုးထိုက် (ဖဒို)၊ နိုင်ငံတွင်းလျှပ်စစ် ရေ အမှိုက် ဆိုင်ရာ စသည့် လိုအပ်ချက်များကို တနိုင်တပိုင် ဖြည့်သူ ကိုအေးကျော်ကျော်နှင့် Save The Library စာကြည့်တိုက်များကွန်ရက်အဖွဲ့တို့က ရရှိခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly