ရန်ကုန်ရဲ့ စက်ဘီးဓလေ့ကို ပြန်သတိရစေချင်တယ်ဆိုတဲ့ လူငယ်တစ်စု

ရန်ကုန်ရဲ့ စက်ဘီးဓလေ့ကို ပြန်သတိရစေချင်တယ်ဆိုတဲ့ လူငယ်တစ်စု

မေလ ၂၇ ။               ။ ၂၀၁၅ ခုနှစ်လောက်ကတည်းက စက်ဘီးနဲ့ပတ်သက်ပြီး ဆောင်းပါးတွေ ဘလော့တွေရေးလာတဲ့ မြန်မာလူငယ်တစ်စုဟာ အမေရိကန်စင်တာက ပရိုဂရမ်တစ်ခုကို လျှောက်ထားခဲ့ပါတယ်။

အဲဒီကနေတစ်ဆင့် တက္ကသိုလ်တစ်ချို့မှာ စက်ဘီးအငှားဆိုင်လေးတွေဖွင့်ခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ နိုဝင်ဘာလ တွေမှာတော့ အခမဲ့စက်ဘီးစီးသင်တဲ့ အစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီစတင်ချိန်တုန်းက စက်ဘီးစီး လာသင်တဲ့သူ လူ ၁၉၀ ကျော်နှင့် လုပ်အားပေး စက်ဘီးစီးသင်ပေးတဲ့သူ ၁၀၀ နီးပါးရှိခဲတယ်လို့ ဆိုပါတယ်။

အခုချိန် မေလကတော့ Bike In Yangon လို့ ခေါ်တဲ့ သူတို့အဖွဲ့ရဲ့ နွေရာသီ စက်ဘီးစီးအခမဲ့သင်တန်းဖြစ်ပါတယ်။

"ကျွန်တော်တို့ရန်ကုန်မှာ တစ်နေရာကနေ တစ်နေရာသွားဖို့ဆိုရင်ဘတ်စ်ကားတွေစီးကြတယ်။ ပြီးရင် ရထားတွေစီးကြမယ်။ ရထားက တော့ Rare (စီးတာရှားပါတယ်) ပေါ့နော်။ ပြီးတော့ လမ်းလျှောက်တာရှိမယ်။ ဆိုက်ကားစီးတာရှိမယ်။ ဒါပေမယ့် ကျွန်တေယ်တို့ စက်ဘီးဆိုတာ မေ့နေကြတယ်။ ဥပမာ တစ်နေရာကနေ တစ်နေရာသွားမယ်ဆိုရင် ငါတို့ စက်ဘီးစီးလို့ ရပါလားဆိုတဲ့ Concept ကို မေ့နေကြတယ်။ အခုစက်ဘီးစီးသင်တန်းပြန်လုပ်ပေးခြင်းအားဖြင့် စက်ဘီးကို ပြန်သတိရသွားစေတယ်။ ငါဒီနေရာကနေ ဒီနေရာသွားဖို့ စက်ဘီးစီးသွားလို့ရတာပဲဆိုတဲ့အသိ ကျွန်တော်တို့ ထည့်ပေးနိုင်မယ်ဆိုရင် ၀မ်းသာပါတယ်" လို့ Bike In Yangonမှ ကိုထက်ဘုန်းမင်းနိုင် (Chief Operation Officer) က ပြောပါတယ်။

ဒီစက်ဘီးစီးသင်တန်းကို အခမဲ့သင်ပေးတာဖြစ်ပြီး ့  စနေတနင်္ဂနွေ ကို မနက်ပိုင်းနဲ့ ညနေပိုင်း ၂ ချိန်ခွဲ သင်ပေးနေပြီး လူတစ်ယောက်ကို ၃ ရက်လက်ခံတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စက်ဘီးစီးသင်တန်းတက်တဲ့သူ အယောက် ၈၀ နဲ့ သင်ပေးတဲ့ လုပ်အားပေး ၅၀ ခန့် ရှိနေပါတယ်။

လာသင်တဲ့သူတွေကတော့ အသက်အရွယ်အမျိုးမျိုး ဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၃၀ အထိ ပါ၀င်နေပါတယ်။

"ဥပမာပေါ့နော် ကျောင်းသွားတာပဲဖြစ်ဖြစ် အလုပ်သွားတာပဲဖြစ်ဖြစ် လူငယ်တွေဆို စက်ဘီးသာစီးဖြစ်လို့ရှိရင် အချိန်သက်သာမယ်၊ ငွေလည်းအကုန်သက်သာမယ်၊ နောက်တစ်ခုကျကတော့ ယာဉ်ကြောကြပ်တဲ့ဟာကိုလည်း ရန်ကုန်မြို့မှာရှိတဲ့ လူငယ်ထုက More than 50 % ဆိုတော့ အဲဒီတစ်ဝက်လောက်က စက်ဘီးစီးမယ်ဆိုရင် ယာဉ်ကြောကြပ်တဲ့ပြဿနာ တစ်ဝက်လောက်သက်သာသွားမယ်ထင်ပါတယ်ခင်ဗျ" လို့  စက်ဘီးစီး လာရောက်သင်ကြားသူ ကိုစိုးသူရက ပြောပါတယ်။

ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ စက်ဘီးစီးဖို့ သီးသန့်လမ်းကြောင်းသတ်မှတ်ပေးထားတာမျိုးမရှိသလို တချို့လမ်းမတွေပေါ်မှာ စက်ဘီးစီးလို့ မရတာတွေလည်းရှိနေပါတယ်။

ဒါ့အပြင် လူငယ်တွေ စက်ဘီးမစီးတတ်တဲ့အထဲမှာ မိဘတွေရဲ့ ပူပန်မှုကြောင့်လည်းပါတယ်လို့ ပြောကြပါတယ်။

"ရန်ကုန်မှာ စက်ဘီးစီးတာရှားလာတာကတော့ အဓိကက ကားကြပ်တဲ့အတွက်ကြောင့်ပေါ့နော်။ နောက်ပြီးတော့ နေတဲ့နေထိုင်မှုစနစ်ကြောင့်လည်းပါမယ်။ လူတွေက တိုက်ခန်းတွေနဲ့နေတော့ အရင်တုန်းကလို ခြံနဲ့ဝင်းနဲ့မရှိတော့ ကိုယ့်ဘာကိုယ် ခြံနဲ့ဝင်းနဲ့လည်း စက်ဘီးစီးသင်ပေးနိုင်တာမရှိဘူးပေါ့နော်။ အခုကားဆိုလည်း ဘောလုံးတွေဘာတွေ ကန်တာတောင် မိဘက အရမ်းစိက်ပူနေပြီ။ ကားအရေအတွက်ကလည်း အရမ်းများလာပြီ။ အဲဒီတော့ တစ်ခုခု ထိခိုက်မိမှာစိုးတဲ့အတွက်ကြောင့် မစီးစေနဲ့ ။ မစီးခိုင်း မစီးခိုင်းရင်းကနေ မစီးတက်တော့တာပေါ့နော်။ အမှန်တကယ်တော့ အဲဒီလိုမျိုးမဖြစ်သင့်ပါဘူး။ အခုလိုမျိုး Campaign တွေလုပ်ပေးတာလည်း ကျေးဇူးအရမ်းတင်ပါတယ်" စက်ဘီးစီး လာရောက်သင်ကြားသူတစ်ဦးဖြစ်တဲ့ မဥမ္မာခင်က ပြောပါတယ်။

စက်ဘီးတွေအပြင် ရန်ကုန်မြို့ မြို့နယ် ၃၃ ခု မှာ ဆိုင်ကယ် အသုံးပြုတာကို ၂၀၁၃ ခုနှစ်က စတင်ပြီး တားမြစ်ထားပါတယ်။ ဒီလိုတားမြစ်တာက ယာဉ်မတော်တဆမှုများဖြစ်တာကြောင့်လို့ ဆိုပါတယ်။

လက်ရှိမှာ လူစီးများနေတဲ့ မော်တာတပ်ဆင်ထားတဲ့ လျှပ်စစ်စက်ဘီးတွေကိုတော့ စက်တပ်ယာဉ် အမျိုးအစားထဲ ပါ၀င်နေတာကြောင့် နောက်ပိုင်းမှာ တားမြစ်သွားဖို့ရှိနေပါတယ်။

လူဦးရေ ရ.၂ သန်းကျော် ရှိတဲ့ ရန်ကုန်မြို့မှာ ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူတုန်းက ရန်ကုန်မှာ စက်ဘီးအသုံးပြုတဲ့သူ ၄၆.၂ % (၇၃၁,၄၂၈) ရှိနေပြီး ကားအစီးရေ ရ.၈ % (၁၂၃,၁၄၉) ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly