ဖောင်းပြင်တွင် ဆရာမတစ်ဦးသေဆုံးခဲ့မှုအား ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/ ၃၇၆ ဖြင့် စစ်ဆေးလျှက်ရှိ

ဖောင်းပြင်တွင် ဆရာမတစ်ဦးသေဆုံးခဲ့မှုအား ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/ ၃၇၆ ဖြင့် စစ်ဆေးလျှက်ရှိ

မေ ၂၇ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ဆရာမတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးမှုအား စစ်ဆေးခဲ့ရာ ဆရာဝန်ဆေးစာတွေ့ရှိချက်အရ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ မှ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/ ၃၇၆ ဖြင့်  စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ တင်နီလာကျော်က အလောင်းအား စစ်ဆေးရာ အဓမ္မမှုကျူးလွန်ထားကြောင်း တွေ့ရပြီး ပြစ်မှုကျူးလွန်သူက ငြင်းကွယ် ထွက်ဆိုနေသော်လည်း ဆေးစစ်ချက် ပြန်ကြားစာအရ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ မှ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/ ၃၇၆ ဖြင့် ရေးဖွင့် ဆောင်ရွက် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းနှင့်ပြန်ကြားရေးမှ မေလ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မန်မော်- ပိုးစာကုန်း ကျေးရွာချင်းဆက်လမ်းဘေး ပိုးစာကုန်းကျေး ရွာအနောက်ဘက် ၁ မိုင်ခန့်အကွာ ကိုင်းတောအတွင်း မေလ ၂၂ ရက်က အသက် ၂၄ နှစ်အရွယ် ဆရာမတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ပြီး ကျူးလွန်သူဟု ယူဆရသူကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူနှင့် တစ်ရွာတည်းနေ စိုးထက်နိုင်ဆိုသူအား မေလ ၂၅ ရက်၊ နံနက် ၁၂ နာရီခန့်အချိန်တွင် ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ပြီး ၎င်းက ဇနီးဖြစ်သူနှင့်အတူ  ဆယ်ချောင်းအုပ်စု၊ ဖားအုံကျေးရွာရှိ မြစ်ကမ်းပါးမှ ရေထဲသို့ ခုန်ချကာ သေကြောင်းကြံစည်ရန် ကြိုးစားနေသဖြင့် ရွာသားများက တားဆီးခဲ့ကာ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ စစ်ဆေးရာ မေ ၂၅ ရက် နံနက် ၁၁ နာရီတွင် သေဆုံးသူဆရာမလေး အသုဘချသည့် အချိန် ပြစ်မှု ကျူးလွန်သူ စိုးထက်နိုင်က ဇနီးဖြစ်သူအား ဆရာမကို သတ်ဖြတ်ခဲ့သည့်ကိစ္စ ပြောဆိုခဲ့ ကြောင်း၊ နောက်တစ်နေ့တွင် မိဘက ခိုင်းလိုက်သည့်ကိစ္စကိုအသွား လင်မယား နှစ်ယောက် အတူသေကြမည်ဆိုပြီး အရက်ဝယ်သောက်ခဲ့ကြောင်း၊ ထို့နောက် ဆည်ချောင်းရွာတွင် ကြွက်သတ်ဆေး ၁ဝ ထုပ်နှင့် လီပိုပုလင်းဝယ်ကာ တစ်ယောက်ငါးထုပ်စီ သောက်ကာ နှစ်ယောက် လုံး ချင်းတွင်းမြစ်ထဲ ခုန်ချခဲ့ခြင်းဟု ထွက်ဆိုထားကြောင်း သိရသည်။

မခင်နှင်းရီမှာ မေလ ၂၂ ရက်နေ့၊ ညနေ ၃ နာရီ၊ ၅ဝ မိနစ်အချိန်ခန့် ၎င်းနေအိမ်မှ ပိုးစာကုန်းကျေးရွာသို့ အ.လ.က(မန်မော်) တွင် တာဝန်ထမ်းဆောင်နေသော ဆရာမ ဒေါ်မိုးမိုးဝင်းအား ကြိုရန် ထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ည ၆ နာရီ၊ ၅ဝ မိနစ်ခန့် အချိန်ထိ မခင်နှင်းရီ အိမ်သို့ ပြန်ရောက်မလာသဖြင့် မန်မော် ရွာသူ၊ ရွာသားများက လိုက်လံရှာဖွေခဲ့ရာတွင် မခင်နှင်းရီ ရုပ်အလောင်းအား ဒဏ်ရာများဖြင့် သေဆုံးလျက် အခင်းဖြစ်ပွားနေရာတွင် တွေရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူဆရာမ၏ ရုပ်အလောင်းကို ပြီးခဲ့သည့် မေလ ၂၂ ရက်၊ ည ၁ဝ နာရီ၊ ၅ဝ မိနစ်ခန့်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဖောင်းပြင်ခေတ္တမြို့မရဲစခန်းမှူးနှင့်အဖွဲ့တို့မှ သွားရောက်စစ်ဆေးရာတွင် ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ ယာဒူးခေါင်းပွန်းပဲ့၊ ဝဲပုခုံးညိုမဲ၊ နှာခေါင်းသွေးထွက်ဒဏ်ရာတို့ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မိန်းမအင်္ဂါစပ် ဆီးခုံအနီးတွင် သွေးစအနည်းငယ်ထွက်လျက် သေဆုံးနေခြင်းဖြစ်ပြီး ရုပ်အလောင်း အနီးတွင် ဆိုင်ကယ် ၁ စီး၊ သွေးစွန်းနေသော ကျောက်တုံး ၁ တုံး၊ ၄x၂ သစ်သားချောင်း ၁ ချောင်း၊ အမျိုးသမီးဝတ် အတွင်းခံဘောင်းဘီ ၁ ထည် (မခင်နှင်းရီ၏ အဝတ်အစား ဟုတ်/ မဟုတ် စိစစ်ဆဲ) တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly