မန်းရွှေစက်တော် ဘေးမဲ့တောတွင် ဟိုတယ်ဇုံ တည်ဆောက်ရန်အတွက် မြေဧက ၄၀ လျာထားပြီးဖြစ်

မန်းရွှေစက်တော် ဘေးမဲ့တောတွင် ဟိုတယ်ဇုံ တည်ဆောက်ရန်အတွက် မြေဧက ၄၀ လျာထားပြီးဖြစ်

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ်၊ မန်းရွှေစက်တော် ဘေးမဲ့တောဒေသတွင် ဟိုတယ်ဇုံ တည် ဆောက်ရန်အတွက် မြေဧက(၄၀) လျာထားပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာမှု ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ ဟုတ်ပါတယ်၊ရွှေစက်တော်ဘေးမဲ့တော လှေတင်တံတားအကျော် ညာဘက်ခြမ်း ရွှေသမင်ခြံလုပ်ထားတဲ့ နေရာကို မြေစာရင်းနဲ့ ကွင်းဆင်းအကြမ်းဖျဉ်း တိုင်းတာပြီးပါပြီ၊ ဒီလအတွင်း လာမယ့်အပတ်မှာ တိုင်းမြေစာရင်း က မကွေးတိုင်းအစိုးရကို တင်ပြဖို့ရှိပါတယ်၊ ဧက ၄၀ လောက် လျာထားပါတယ်၊ တစ်ဦးချင်း ပုဂ္ဂလိက အဖွဲ့အစည်းကို ပေးမလား၊ ဇုံအနေနဲ့လုပ်မလား၊ဟိုတယ်ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့အဖွဲ့အစည်း ကို ပေးမလား ဆိုတာကတော့ တိုင်းဒေသကြီးအစိုးရဲ့ ဆုံးဖြတ်ချက်အပေါ်မူတည်ပါတယ်” ဟု မကွေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာမှုညွှန်ကြားမှုဦးစီးဌာန တိုင်းတာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်က ပြောသည်။

တိုင်းအတွင်း တန်ခိုးကြီးဘုရားဖြစ်ပြီး၊မန်းရွှေစက်တော်ဘုရားသို့ သွားသည့် ၃မိုင်လမ်းရှိ မန်းချောင်းဖြတ် လှေတင်တံတား ဆောက်လုပ်ပြီးနောက် ဆယ်နှစ်ရာသီ အချိန်မရွေး ရွှေစက်တော်ဘုရားသို့ ဘုရားဖူးများ အဆက်မပြတ် လာရောက်ခြင်း၊နိင်ငံခြားသားများ ဘုရားသို့ လာရောက်လေ့လာခြင်းများ ရှိရာ နားစရာ တည်းခိုစရာ ဟိုတယ်များလိုအပ်နေကြောင်း မကွေးတိုင်းဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးစံသိန်းက ပြောသည်။

“ ရွှေစက်တော်ကိုသွားတဲ့ဖော်ရိန်နာတွေတည်းဖို့ အခက်အခဲရှိတယ် ခရီးသွားကုမ္ပဏီတွေရဲ့အကြံပြုချက်နဲ့ ရွှေစက်တော်ဘေးမဲ့တောဒေသတစ်နေရာမှာ ဟိုတယ်ဇုံလုပ်ဖို့ ကျွန်တော်က ဝန်ကြီးချုပ်ကို တင်ပြတယ်၊ ဝန်ကြီးချုပ်က ဟိုတယ်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန မကွေးတိုင်းတာဝန်ခံ  ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်ကို ကျွန်တော့်ရဲ့ အကြံပြုချက်နဲ့အတူ ပူးတွဲတင်ပြခိုင်းပါတယ်။  အဲ့ဒီလိုတင်ပြပြီး ကွင်းဆင်း မြေတိုင်းတာတာတွေလည်း လုပ်ပြီးပါပြီ ၊တည်ဆောက်မည့်အချိန်ကာလနဲ့ ဟိုတယ်ဘယ်နှစ်လုံး ဆောက်မလဲဆိုတာကတော့ တိုင်းဒေသကြီးက ချပေးတဲ့အပေါ်မူတည်ပါတယ်” ဟု ဦးစံသိန်းက ပြောသည်။

“ကျွန်တော်တို့ ဒေသရဲ့ တန်ခိုးကြီးဘုရားမှာ ဟိုတယ်တွေဆောက်မယ်ဆိုတော့ ဝမ်းသာပါတယ်၊ ဒေသဖွံ့ဖြိုးတိုးတက်တာပေါ့၊ဘုရားက နှစ်ပတ်လည် ဘုရားဖူးတွေနဲ့ စည်ကားနေပါတယ်၊လာရောက်မယ့် ဘုရားဖူးတွေ ဖော်ရိန်နာတွေ တည်းခိုဖို့ အခက်အခဲ မဖြစ်တော့ဘူးပေါ့၊ဒေသခံတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရကြမယ်” ဟု ဘုရားကျေးရွာနေ ကိုသန့်ဇင်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required