သမ္မတမက်ခရွန်၏ ပေါ်လစီများကို ပြင်သစ်ပြည်သူသောင်းနှင့်ချီ၍ ဆန္ဒပြ

သမ္မတမက်ခရွန်၏ ပေါ်လစီများကို ပြင်သစ်ပြည်သူသောင်းနှင့်ချီ၍ ဆန္ဒပြ

ပဲရစ်၊ မေ ၂၇ ။            ။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၏ပေါ်လစီများကို ဆန့်ကျင်ရန်အတွက် သောင်းနှင့်ချီသော ပြင်သစ် ပြည်သူများသည် လက်ဝဲယိမ်းပါတီများ၊ NGO အဖွဲ့အစည်းများ၊ သမဂ္ဂများနှင့် ကျောင်းသားအဖွဲ့များက စီစဉ်သော ပြင်သစ်မြို့ရှိဆန္ဒပြပွဲများ၌ စနေနေ့က ပါ၀င်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပြည်သူများသည် ပြင်သစ်နိုင်ငံပိုင် မီးရထားကုမ္ပဏီ SNCF ကို နိုင်ငံတော်ချုပ်ကိုင်ပိုင်ဆိုင်မှုမှ ပုဂ္ဂလိက လက်လို့လွှဲပြောင်းရန် အစိုးရဘက်မှစီစဉ်မှု၊ ပြည်သူ့ဝန်ထမ်းအင်အားကို လျှော့ချရန်စီစဉ်မှု၊ တက္ကသိုလ်ဝင်ခွင့် စနစ်များကို ပြုပြင်ပြောင်းလဲရန်စီစဉ်မှုနှင့် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးပေါ်လစီများအပေါ် ချုပ်ချယ်မှု အစရှိ သည့် ပေါ်လစီအများအပြားကို ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

အထွေထွေအလုပ်သမားသမဂ္ဂအဖွဲ့၏အဆိုအရ ပဲရစ်မြို့ရှိဆန္ဒပြပွဲသို့ ပြည်သူ ၈ သောင်းခန့် တက်ရောက်ခဲ့ ကြောင်းသိရပြီး ရဲတပ်ဖွဲ့ကမူ ပြည်သူ ၂ သောင်း ၁ ထောင်ခန့်သာ ပါ၀င်ဆန္ဒပြခဲ့ကြသည်ဟု သတင်းထုတ်ပြန် ခဲ့သည်။

ယခုဆန္ဒပြပွဲများသည် ပြင်သစ်နိုင်ငံအတွင်း၌ တစ်လအတွင်း ၃ ကြိမ်မြောက်ဖြစ်ပွားသော ကြီးမားသည့် ဆန္ဒပြ ပွဲကြီးဖြစ်ပြီး ပြီးခဲ့သော မေလ ၅ ရက်နေ့နှင့် ၂၂ ရက်နေ့ကလည်း ပြည်သူ့ဝန်ထမ်းများနှင့် လက်ဝဲယိမ်းပါတီမှ စီစဉ်သော ဆန္ဒပြပွဲများ၌ ပြည်သူအများအပြားက ပါ၀င်ဆန္ဒပြခဲ့ကြသည်။

စနေနေ့က မာဆေးလ်မြို့တွင်ပြုလုပ်ခဲ့သော ဆန္ဒပြပွဲသို့ France Insoumise ပါတီခေါင်းဆောင် ယန်းလက်မီလန်ယွန် တက်ရောက်ခဲဲ့ပြီး သမ္မတမက်ခရွန်သည် ပြင်သစ်ပြည်သူများ၏ တောင်းဆိုချက်များကို နားထောင်ခြင်းမရှိသော ခေါင်းမာသူတစ်ဦးဖြစ်သည်ဟု ဆိုခဲ့သည်။

ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ဖြင့်ရောက်ရှိနေသော သမ္မတမက်ခရွန်ကမူ သူသည် သူ၏ပြုပြင်ပြောင်းလဲရေး ပေါ်လစီများကို ဆက်လက်လုပ်ကိုင်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီးပြီဖြစ်ကြောင်း သောကြာနေ့ကတည်းက အတည်ပြုပြောဆိုခဲ့သည်။

ပြင်သစ်နိုင်ငံတစ်ဝန်း၌ စနေနေ့ကပြုလုပ်ခဲ့သော ဆန္ဒပြပွဲများအတွင်း ကြီးမားသောဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ခြင်း မရှိသော်လည်း နန့်တက်စ်မြို့၌ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင်မူ လူ ၃၅ဦးခန့် အဖမ်းခံခဲ့ရပြီး ရဲအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required