ယူဂန်ဒါ၌ ကြောက်မက်ဖွယ်ရာ ယာဉ်တိုက်မှုကြောင့် လူ ၄၈ ဦးသေဆုံး

ယူဂန်ဒါ၌ ကြောက်မက်ဖွယ်ရာ ယာဉ်တိုက်မှုကြောင့် လူ ၄၈ ဦးသေဆုံး

ကမ်ပါလာ၊ ယူဂန်ဒါ၊ မေ ၂၇ ။            ။ ယူဂန်ဒါနိုင်ငံမြောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီးသည် မီးမဖွင့်ပဲမောင်းလာသော နောက်တွဲယာဉ်နှင့် ကုန်တင်ကားကြီးတို့ကို ၀င်တိုက်မိခဲ့သောကြောင့် လူ ၄၈ ဦးခန့် သေဆုံးခဲ့ရကြောင်း ကြက်ခြေနီအဖွဲ့က စနေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဟာ ဒဏ်ရာရရှိသူတွေကို မနားမနေပြုစုပေးနေပါတယ်” ဟု ယူဂန်ဒါရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမ်မလီယန်ကာယီမာက ပြောဆိုခဲ့ပြီး ဘတ်စ်ကား၊ နောက်တွဲယာဉ်နှင့် ကုန်တင်ကားတို့မှ ယာဉ်မောင်း ၃ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။ ဒါ့အပြင် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲ ၌ သေဆုံးသူအရေအတွက်မှာ ၂၂ ဦးခန့်သာဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း ကြက်ခြေနီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး အိုင်ရီနာနာကာစီတာက “သေဆုံးသူ အရေ အတွက်ဟာ အခုဆိုရင် ကလေးငယ် ၁၆ ဦးအပါအဝင် လူ ၄၈ ဦးအထိ ရှိလာပါပြီ” ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ကာယီမာကမူ သေဆုံးသူများမှာ ကလေးငယ် ၃ ဦးအပါအဝင် လူ ၂၂ ဦးဖြစ်ပြီး ၁၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။ ဒါ့အပြင် ဒဏ်ရာရရှိသူများကို ကမ်ပါလာမြို့သို့ ရဟတ်ယာဉ် နှင့် ပို့ဆောင်ပြီး ဆေးကုသပေးနေကြောင်း သူက ပြောဆိုခဲ့သည်။

ယင်းမတော်တဆဖြစ်ရပ်သည် ဒေသစံတော်ချိန် သောကြာနေ့ညက မြို့တော်ကမ်ပါလာနှင့် မိုင် ၁၄၀ ကွာဝေး သောအရပ်ရှိ ကာရန်ဒွန်ဂိုမြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယူဂန်ဒါနိုင်ငံ၌ မကြာသေးခင်နှစ်များအတွင်းဖြစ်ပွားခဲ့သော မတော်တဆဖြစ်စဉ်များထဲတွင် လူအသေအပျောက်အများဆုံးနှင့် အဆိုးရွားဆုံးဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သိရ သည်။

ခရီးသည်တင်ဘတ်စ်ကားသည် လီရာမြို့မှထွက်ခွာလာစဉ်တွင် နောက်တွဲယာဉ်တစ်စီးကို အနောက်မှ ၀င်ဆောင့်မိခဲ့ပြီးနောက် ဘီယာများတင်လာသော ကုန်ကားတစ်စီးကို ထပ်မံတိုက်မိခဲ့ခြင်းဖြစ်သည်။

ယူဂန်ဒါသည် ကြံ့ခိုင်မှုမရှိသောယာဉ်များ၊ အန္တရာယ်ရှိသော ယာဉ်မောင်းနှင်မှုများနှင့် ဆိုးရွားသောလမ်း အနေအထားများကြောင့် လူအသေအပျောက်များသော လမ်းမတော်တဆဖြစ်မှုများ စံချိန်တင်ဖြစ်ပွားလေ့ရှိ သည်။

ပြီးခဲ့သော ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံအတွင်းရှိ လမ်းမကြီးများပေါ်၌ဖြစ်ပွားသော မတော်တဆဖြစ်စဉ် များကြောင့် လူပေါင်း ၉၅၀၀ ကျော်ခန့် သေဆုံးခဲ့ရကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပြီး တစ်နှစ်ထက်တစ်နှစ် အခြေအနေများပိုဆိုးလာကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags