ကင်မ်ဂျံုအမ်းနှင့် ဇွန်လ ၁၂ ရက်နေ့တွေ့ဆုံနိုင်ရန် စီစဉ်နေသည်ဟု ထရမ့်ပြောဆို

ကင်မ်ဂျံုအမ်းနှင့် ဇွန်လ ၁၂ ရက်နေ့တွေ့ဆုံနိုင်ရန် စီစဉ်နေသည်ဟု ထရမ့်ပြောဆို

၀ါရှင်တန်ဒီစီ၊ မေ ၂၇ ။              ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအမ်းနှင့်အတူ လာမည့်ဇွန်လ ၁၂ ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ပြုလုပ်မည့် သမိုင်းဝင်တွေ့ဆုံပွဲကိုဖျက်သိမ်းကြောင်း ပြီးခဲ့သောကြာသာပတေးနေ့က ကြေညာခဲ့သော်လည်း စနေနေ့ညနေပိုင်းတွင်မူ သူ၏အစိုးရအဖွဲ့သည် ထိပ်သီးစည်းဝေးပွဲဖြစ်မြောက်အောင် အစွမ်းကုန်စီစဉ်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ဒီတွေ့ဆုံပွဲဖြစ်မြောက်အောင် လူအများကြီးက အစွမ်းကုန်စီစဉ်နေကြပြီး ကောင်းမွန်တဲ့ တိုးတက်မှုတွေရှိလာ ပါပြီ။ စင်္ကာပူနိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့ကျင်းပနိုင်မယ်လို့ ကျုပ်တို့မျှော်မှန်းထားပါတယ်။ ဘာမှမပြောင်းလဲပါ ဘူး။ အခြေအနေတွေကောင်းပါတယ်။ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရအောင်” ဟု ထရမ့်က ဘဲဥပုံရုံးခန်း ၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ်တွင် ပြောဆိုခဲ့သည်။

ထရမ့်သည် ကင်မ်ဂျံုအမ်းနှင့်တွေ့ဆုံပွဲကို ဖျက်သိမ်းကြောင်း ပြီးခဲ့သောကြာသာပတေးနေ့က စာနှင့်တကွ ထုတ်ပြန်ကြေညာခဲ့သော်လည်း သမိုင်းဝင်စည်းဝေးပွဲဖြစ်မြောက်လာဖို့ တံခါးဖွင့်ထားဆဲဖြစ်သည်ဟု ပြောဆိုခဲ့ သည်။

“ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ပပျောက်ရေး အစီအစဉ်အောင်မြင်လာဖို့ လူတွေက ကျုပ်တို့ အပေါ်မှာ အများကြီးမျှော်လင့်ထားပါတယ်။ ဒီအစီအစဉ်ဟာ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာကြီးအပြင် တရုတ်နိုင်ငံအတွက်ပါ ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်” ဟု ထရမ့်က ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအမ်းနှင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်တို့ စနေနေ့က ကိုရီးယားနှစ်နိုင်ငံနယ်စပ်တွင် ကြေညာထားခြင်းမရှိဘဲတွေ့ဆုံကာ ကင်မ်နှင့် ထရမ့်တို့၏ ထိပ်သီးစည်းဝေးပွဲ အကြောင်း ဆွေးနွေးပြောဆိုခဲ့မှုအပြီးတွင် ထရမ့်ဘက်မှ ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required