လယ်ယာမြေ လုပ်ကိုင်ခွင့်လက်မှတ်ကို ဘဏ်တွင် အပေါင်ထားကာ ချေးပေးသည့်စနစ် ကျင့်သုံးမည်

လယ်ယာမြေ လုပ်ကိုင်ခွင့်လက်မှတ်ကို ဘဏ်တွင် အပေါင်ထားကာ ချေးပေးသည့်စနစ် ကျင့်သုံးမည်

 

မေလ ၂၆ ။             ။ ၂၀၁၈ ခုနှစ်မှစ၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် တောင်သူ များ၏ လယ်ယာမြေ လုပ်ကိုင်ခွင့်လက်မှတ် (ပုံစံ - ရ)မူရင်းကို ဘဏ်တွင် အပေါင်အဖြစ် အပ်နှံကာ အာမခံထားရသည့်စနစ်ကို ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဦးဝင်းဇော်က ပြောသည်။

မိုးရာသီစိုက်ပျိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယခု ၂၀၁၈ ခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ကျပ် (၉၇)ဘီလျံကျော်ထုတ်ချေးမည် ဖြစ်ကြောင်း၊ချေးငွေများကို မေလ (၁၇)ရက်နေ့မှ စတင်ထုတ်ချေးပေး နေပြီး တိုင်းဒေသကြီးအတွင်း (၂၅)မြို့နယ်ရှိ ကျေးရွာအုပ်စု (၁၃၇၆) အုပ်စု၊ တောင်သူဦးရေ (၂၂၁၅၄၀) ဦး၊ စိုက်ဧက (၁၁၆၀၀၃၃) အတွက် စိုက်ပျိုးစရိတ်ထုတ်ချေးမည်ဟု သိရသည်။

စိုက်ပျိုးစရိတ် ထုတ်ချေးရာတွင် စပါးဧက(၃၉၁၆၃၁)ဧက၊ မြေပဲဧက(၁၂၈၈၇၇)ဧက၊ နှမ်း(၄၆၀၆၃၂)ဧက၊ ပဲစင်းငုံ(၁၁၇၆၆၆) ဧက၊  ပဲတီစိမ်း(၅၅၁၀၉)ဧက၊ပဲလွန်း(၂၂၀)ဧက၊ ပြောင်း(၆၀၄)ဧက ၊ စုစုပေါင်း (၁၁၆၀၀၃၃)ဧကအတွက် (၉၇၁၆၄ဒသမရ၅) ကျပ်သန်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီနှစ်ချေးငွေထုတ်တဲ့ နည်းစနစ်ပြောင်းသွားပါတယ်။ အရင်နှစ်က တောင်သူနှစ်ဦးသုံးဦး ပေါင်းထုတ်ရတယ်။ ဝိုင်းကြီးချုပ် စနစ်နဲ့ တောင်သူအချင်းချင်း အာမခံတဲ့ စနစ်နဲ့ ထုတ်ပေးတယ် ၊ ဒီနှစ်မှာ တောင်သူတစ်ဦးချင်း ထုတ်ပေးတဲ့ အာမခံအနေနဲ့ တောင်သူတွေရဲ့ ပုံစံ(၇)တွေကို အာမခံအပေါင်ပစ္စည်းအနေနဲ့ ဌာနက ယူထားပါတယ်” ဟု တိုင်းမန်နေဂျာဦးဝင်းဇော်က ပြောသည်။

“ အတိုးနှုန်းကတော့ ငွေတစ်ရာကို တစ်လ(၆၇)ပြားနှုန်း တစ်နှစ် ရှစ်ကျပ်နှုန်းနဲ့ သက်မှတ်ယူပါတယ်။ ပြန်ဆပ် ရမဲ့ ကာလကတော့ ၂၀၁၉ ဧပြီလ (၁၅)ရက်နေ့မှာ ပြန်ဆပ်ရ မှာပါ” ဟု တိုင်းမန်နေဂျာဦးဝင်းဇော်က ပြောသည်။

စိုက်ပျိုးစရိတ် ထုတ်ချေးရာတွင် စပါးတစ်ဧက(၁၅၀၀၀၀)ကျပ်နှုန်း၊ နှမ်းနှင့်အခြားသီးနှံများ တစ်ဧက(၅၀၀၀၀) ကျပ်နှုန်းဖြင့် ထုတ်ချေးကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly