မန္တလေးချမ်းမြသာစည်မီးလောင်မှု ကလေးတစ်ဦးသေဆုံးပြီး လူတစ်ဦး ဒဏ်ရာရ

မန္တလေးချမ်းမြသာစည်မီးလောင်မှု ကလေးတစ်ဦးသေဆုံးပြီး လူတစ်ဦး ဒဏ်ရာရ
(ဓာတ်ပုံ၊မီးသတင်းများစုစည်းရာ)

 

မန္တလေး၊ မေလ ၂၆ ။     ။ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ၄၄ လမ်းနှင့် ၄၅ လမ်း၊ ပိတောက်လမ်းနှင့် မြတ်လေးလမ်း ကြားတွင် မေလ၂၆ ရက်၊ နံနက်၂ နာရီကျော်က နေအိမ်နှစ်လုံး မီးလောင်ခဲ့ရာ အသက် ၁၂ နှစ် အရွယ် ကလေးတစ်ဦး သေဆုံးပြီး လူတစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

"၂ နာရီ ၁၅ မှာ မီးသတင်းရတယ်။မီးလောင်ရာကို မီးငြိမ်းသတ်ယာဉ် ၂၄ စီး၊ရေသယ်ယာဉ် ၆ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ သန္ဓေ ရ၀ နဲ့အရန်မီးသတ် ၁၁၀ တို့ သွားရောက်ငြိမ်းသတ်ခဲ့ကြတယ်။ ၂ နာရီ ၂၅ မှာ မီးငြိမ်းပါတယ်"ဟု ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က ပြောသည်။

ပေ ၃၀ × ပေ ၂၀ အုတ်ညှပ်နေအိမ် အောက်ထပ် ၈ ပေပတ်လည် အခန်းအတွင်း ခြင်ဆေးခွေ မီးထွန်းထားရာမှ မွေ့ရာအား မီးကူးစက် စတင်လောင်ကျွမ်းခဲ့ပြီး သေဆုံးသည့်ကလေးမှာ အိမ်ပိုင်ရှင် ၏ မြေးဖြစ်သူ မောင်ဝေယံဖြိုး ၁၂ နှစ် ဖြစ်ပြီး ၊ သေဆုံးသူကလေး၏ ဖခင် ဦးအောင်ကျော်စိုးမှာ လည်း ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများရရှိခဲ့သည်။

မီးလောင်မှုကြောင့် ပေ၃၀၊ပေ၂၀ အုတ်ညှပ်နံကပ်၊သွပ်မိုး ၂ ထပ်နေအိမ်တစ်လုံး၊ပေ ၁၅ ပေ ၃၀ အုတ်ညှပ်နံကပ် ၂ ထပ်အိမ်တစ်လုံးနှင့် ပါဂျဲရိုးကားတစ်စီးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၈၉၅၀၀၀၀ ဖြစ်ပြီး အိမ်ပိုင်ရှင် ဦးတိုးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅/၃၀၄(က) တို့ဖြင့် အောင်ပင်လယ်ရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားကြောင်း မန္တလေးခရိုင်မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယခုလပိုင်းအတွင်း မေ၂၂ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ မန်းမြန််မာပလာဇာအပေါ်ထပ် မီးလောင်မှု၊မေ ၂၃ ရက်တွင် အောင်မြေသာစံမြို့နယ်လျပ်စစ်ဓါတ်အားခွဲရုံ၊ ထရန်စဖော်မာ မီးလောင်မှု၊ မေ၂၄ ရက်နေ့တွင် အောင်မြေသာစံမြို့နယ်၊အမရဌာနီရပ်ကွက်၊ နေအိမ်မီးလောင်မှု၊မေ ၂၅ရက်တွင် အမရပူရမြို့နယ်၊နတ်ရေကန် ကျေးရွာ၊နေအိမ်တစ်လုံးတွင် မီးလန့်ခဲ့မှုများဖြစ်ပွဲခဲ့ပြီး မေလအတွင်း မီးလောင်မှုပေါင်း ၁၃ ကြိမ်ရှိကြောင်း မန္တလေးခရိုင်မီးသတ်ဦးစီးဌာန စာရင်းများအရ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required