AA ဘက်မှ ထိန်းသိမ်းထားသော တပ်မတော်သား ၃ ဦးကို ပြန်လွှဲပေးရန် စဉ်းစားနေဟုဆို

AA ဘက်မှ ထိန်းသိမ်းထားသော တပ်မတော်သား ၃ ဦးကို ပြန်လွှဲပေးရန် စဉ်းစားနေဟုဆို
ဓာတ်ပုံ - AA

 

ရန်ကုန်၊ မေ ၂၆ ။                 ။ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မေလ ၂၀ ရက်က ဘူးသီးတောင်မြို့နယ်ထဲဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ရက္ခိုင့်တပ် (AA) မှဖမ်းဆီးရမိခဲ့သော တပ်မတော်သား ၃ ဦးကို အစိုးရထံပြန်လွှဲပြောင်းရန်မှာ စဉ်းစားနေဆဲသာ ရှိသေးကြောင်း AA အဖွဲ့မှပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

“ သူတို့ကို စစ်သုံပန်းဥပဒေအရကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားတာပါ။ သူတို့နဲ့ပတ်သက်ပြီး ဘာဆက် လုပ်ရမလဲဆိုတာတော့ အခုချိန်ထိ မဆုံးဖြတ်ရသေးဘူးဗျ။ ကျွန်တော်တို့က သူတို့လုံခြံုရေး အတွက်လည်း စဉ်းစားစရာတွေပေါ်တာပေါ့ဗျာ” ဟု ဦးခိုင်သုခက မဇ္ဈိမသို့ မေလ ၂၆ ရက်တွင် ပြောသည်။

စစ်သုံ့ပန်းအဖြစ ်ဖမ်းဆီးခံထားရသူသုံးဦးမှာ  ဒုတပ်ကြပ် မောင်ပြား၊ တပ်သား တနလာင်္ နှင့် တပ်သား ချစ်ရဲသူ တို့ ဖြစ်ကြကြောင်း AA ဘက် မှ ထုတ်ပြန်ထားသည်။

တပ်မတော်နှင့် AA တို့၏ တစ်ကျော့ပြန်တိုက်ပွဲများမှာ ဧပြီလနှင့် မေလအတွင်း ၅ ကြိမ်အထိ ရှိနေပြီး ချင်းပြည်နယ်၊ ပလက်ဝဒေသတွင် အဓိဖြစ်ပွားနေခြင်းလည်းဖြစ်ပြီး မေလ ၂၀ ရက်က ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် တပ်မတော်သား ၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တပ်မတော်သား သုံးဦးကို ပြန်လည်လွှဲပြောင်းပေးရေးအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) မှ ကြားဝင်ကူညီသွားမည်ဟု မေလ ၂၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။

 

မေလ ၂၀ ရက်နေ့၊နံနက် ၈ နာရီ  ၅၀ မိနစ်တွင် တပ်မတော် စကခ(၁၅) လက်အောက်ခံ၊ ဘူးသီးတောင် အခြေစိုက် ခလရ(၂၆၃) တပ်ရင်းနှင့် ရက္ခိုင့်တပ် (AA) တို့ သည် ဘင်္ဂလား-မြန်မာနယ်စပ်မှတ်တိုင်  ၆၃ နှင့် ၆၄ အနီးတွင် ၄၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဖက်မှ ၉ ဦး ၊ AA ဖက်မှ ၁ ဦးကျဆုံးခဲ့သည်ဟု AA မှ ထုတ်ပြန်ထားသည်။

“ ၂၀ ရက်နေ့နောက်ပိုင်း တိုက်ပွဲကတော့ငြိမ်နေတယ်ဗျ။ ဒါပေမယ့် ဗမာ့တပ်မတော်ဘက်က အဲ့ဘက်မှာ အင်အားတွေ ထပ်ဖြည့်နေလို့ စစ်ရေးတင်းမာမှုက တော့ရှိတယ်ဗျ ” ဟု ဦးခိုင်သုခက ပြောသည်။

၂၀၁၅ ခုနှစ်တွင် AA ဘက်မှ ICRC မှတစ်ဆင့် တပ်မတော်သားနှစ်ဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့ဖူးပြီး ယခုအကြိမ်တွင် ပြန်လည်လွှဲပြောင်းပေးရန် သင့်မသင့် စဉ်းစားနေခြင်း ဖြစ်သည်။

ရက္ခိုင့်တပ် AA သည် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required