ကမ္ဘာ့ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ရုရှားကို ယုံကြည်ရသည့် မဟာမိတ်အဖြစ် သဘောထားနိုင်ကြောင်း ပူတင် ပြော

ကမ္ဘာ့ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ရုရှားကို ယုံကြည်ရသည့် မဟာမိတ်အဖြစ် သဘောထားနိုင်ကြောင်း ပူတင် ပြော

 

မေ ၂၆ ။                            ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကြောင့် ပြီးခဲ့သည့်ကာလအတွင်း နိုင်ငံတကာ တင်းမာမှုများ ပိုမို ရေချိန်တက်လာနေစဉ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ ထရမ့်အား သွယ်ဝိုက်ရည်ညွန်းတိုက်ခိုက်သည့် စကားတစ်ချို့ကို ပြောဆိုခဲ့ကြောင်း သိရသည်။

လက်ရှိကာလ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှင့် စီးပွားရေးယုံကြည်မှုများ တိုးပွားစေနိုင်ရန် လုပ်ဆောင်ရာတွင် ၎င်းတို့ ရုရှားနိုင်ငံမှာ စိတ်ချယုံကြည်ရသည့် မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း ပူတင်က မေလ ၂၅ ရက် စိန့်ပီတာစဘာ့ဂ်မြို့ နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီ အစည်းအဝေးတစ်ခု၌ မိန့်ခွန်းပြောရာတွင် အမွှမ်းတင်ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ကာလအတွင်း သမိုင်းဝင် အီရန်နျူကလီးယားသဘောတူညီချက်ကနေ အမေရိကန်နုတ်ထွက်ကြောင်း ကြေညာပြီး ဒေါ်နယ်ထရမ့်က နိုင်ငံတကာတင်းမာမှုတွေကို လှုံ့ဆော်သလိုဖြစ်စေထားခဲ့သည်။ ယင်းအပြင် ထရမ့်အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းနှင့် တွေ့ဆုံပွဲဖျက်သိမ်းကြောင်း ကြေညာထားခဲ့သေးသည်။

" တကယ်တော့ တစ်ဘက်သက် လုပ်ဆောင်တဲ့ လုပ်ရပ်မျိုးတွေကပဲ ကျွန်တော်တို့ကို လမ်းဆုံးတစ်ခုဆီကိုပဲ ဦးတည်စေနိုင်ပါတယ်၊ ဒီလို လုပ်ဆောင်ချက်တွေက ဖြစ်စေချင်တာနဲ့ တစ်ခြားစီ အခြေအနေမျိုး ဖြစ်သွားစေနိုင်ပါတယ်" ဆိုပြီး ရုရှားသမ္မတ ပူတင်က ဒေါ်နယ်ထရမ့်ကို သွက်ဝိုက် ရည်ရွယ်ပြောဆိုသွားခဲ့သည်။

" နောက်ပြီး ခုချိန်မှာ ကုန်သွယ်ရေးစစ်တွေ ကျွန်တော်တို့ မလိုချင်ပါဘူး၊ ကုန်သွယ်ရေး စစ်ပြေငြိမ်းမှုတောင်မှ အလိုမရှိပါဘူး၊ ကျွန်တော်တို့ လိုတာက အပြည့်အဝ ကုန်သွယ်ရေး ငြိမ်းချမ်းမှုပါ" ဆိုပြီးတော့လည်း အမေရိကန်နှင့် အကြားဖြစ်နေသည့် ကုန်သွယ်ရေးပဋိပက္ခတွေကိုပါ ပူတင်က ရည်ညွှန်းပြောကြားသွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required