နာဂျစ်နှင့် ဆက်စပ်ရာ နေအိမ်များအား ဝင်ရောက်စီးနင်းမှုအတွင်း ဒေါ်လာ သန်း ၃၀ နီးပါး သိမ်းဆည်းရမိ

နာဂျစ်နှင့် ဆက်စပ်ရာ နေအိမ်များအား ဝင်ရောက်စီးနင်းမှုအတွင်း ဒေါ်လာ သန်း ၃၀ နီးပါး သိမ်းဆည်းရမိ

ကွာလာလမ်ပူ၊ မေ ၂၅ ။        ။ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ပတ်သက်ဆက်နွယ်မှုများ ရှိထားသော အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးခြင်း တစ်ရပ်အဖြစ် ၎င်းနှင့် ဆက်စပ်သော တန်ဖိုးကြီး အိမ်ရာအဆောက်အအုံများအား ဝင်ရောက်စီးနင်းမှုတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါးနှင့် လက်ကိုင်အိတ်ပေါင်း ၄၀၀ ထက်မနည်းကို ရဲတပ်ဖွဲ့က မေ ၂၅ ရက်တွင် သိမ်းဆည်းရမိသည်။

ထိုသို့ ငွေသားများနှင့် လက်ကိုင်အိတ်များအပြင် နာရီများ၊ လက်ဝတ်ရတနာများကိုပါ ကွာလာလမ်ပူရှိ ကွန်ဒိုမီနီယမ်နှစ်ခုတွင် တွေ့ရှိသိမ်းဆည်းခြင်း ဖြစ်သည်။

နိုင်ငံတော်ရန်ပုံငွေလုပ်ငန်း 1MDB တွင် ပေါ်ပေါက်သော ဘဏ္ဍာငွေကြေးအရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးမှုအဖြစ် ရဲတပ်ဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်တွင် နာဂျစ်အိမ်အပါအဝင် နေရာပေါင်း ၁၂ နေရာအား ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

အာဏာကို ဆယ်စုနှစ် ခြောက်ခုကျော် ပိုင်စိုးခဲ့ပြီးနောက် နာဂျစ်၏ ညွန့်ပေါင်းပါတီသည် ၎င်း၏ ဆရာဟောင်းဖြစ်သူ မဟာသီယာ ဦးဆောင်သော ပြုပြင်ရေးမဟာမိတ်ပါတီအား မေ ၉ ရက် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။

နာဂျစ်နှင့် မိသားစုများ၊ ခရိုနီအသိုင်းအဝန်းတို့က နိုင်ငံတော်လုပ်ငန်း 1MDB တွင် ငွေကြေးမသမာမှု အရှုပ်တော်ပုံများ ရှိနေသည်ဆိုသော လူထု၏ မနှစ်မြို့မှုက အဓိကရွေးကောက်ပွဲ ဆုံးရှုံးရခြင်း အကြောင်းပဲ ဖြစ်သည်။

နာဂျစ်နှင့်ဆိုင်ရာ အိမ်များအား စီးနင်းမှုအတွင်း သိုဝှက်ထားသော ပစ္စည်းပစ္စယများကို ရွှေ့ယူရာတွင် ထရပ်ကား ငါးစီး တိုက်ရခြင်းအတွက် မည်မျှ သိမ်းဆည်းရမိသည်၊ တန်ဖိုးမည်မျှ ရှိမည်ဆိုသော ထင်မြင်ယူဆချက်များ အမျိုးမျိုး ထွက်ပေါ်နေသည်။

နောက်ဆုံးအတည်ပြုမှုအဖြစ် ရဲတပ်ဖွဲ့၏ စီးပွားရေးရာဇဝတ်မှုဌာန အကြီးအကဲ အမ်မာဆင်းချ်က “ငွေသားစက္ကူတွေ တွေ့ရှိမှုမှာ ငွေစက္ကူ ၂၆ မျိုး တွေ့ရပြီး တန်ဖိုးအားဖြင့် ရင်းဂစ် ၁၁၄ သန်း (အမေရိကန်ဒေါ်လာ ၂၈ ဒဿမ ၆ သန်း) ရှိပါတယ်။”ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly