သေနတ်သမားကြည်လင်းနှင့် သုံးဦးအား အကြမ်းဖက်ဥပဒေဖြင့် ထပ်မံအရေးယူပေးရန် လျှောက်ထားမှုကို တိုင်းတရားရုံးမှ ကြားနာစစ်ဆေး

သေနတ်သမားကြည်လင်းနှင့် သုံးဦးအား အကြမ်းဖက်ဥပဒေဖြင့် ထပ်မံအရေးယူပေးရန် လျှောက်ထားမှုကို တိုင်းတရားရုံးမှ ကြားနာစစ်ဆေး

ရန်ကုန်၊ မေလ ၂၅ ။      ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် တရားလွှတ် တော်ရှေ့နေဦးကိုနီအမှုနှင့် ပတ်သက်ပြီး   သေနတ်သမားကြည်လင်းနှင့် သုံးဦးအား အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေဖြင့်ထပ်မံအရေးယူပေးရန် လျှောက်ထားမှုအား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးတွင် ကြားနာစစ်ဆေးခဲ့သည်။

ယနေ့ မေလ ၂၅ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်များကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် ကြားနားစစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေက ယင်းအမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က သေနတ်သမား ကြည်လင်းနှင့်   ဇေယျာဖြိုး၊ အောင်ဝင်းဇော်၊ အောင် ဝင်းထွန်းတို့ကို စွဲချက်တင်ခဲ့သည့် အမိန့်အပေါ် လုံလောက်မှုမရှိသည့်အတွက် ယခုကဲ့သို့ ထပ်မံအရေးယူပေးရန်   လျှောက်ထားရခြင်းဖြစ်ကြောင်း ပြောသည်။

“ ဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတယ်ဆိုတာ ပြတိုက်ထဲမှာ ထားဖို့ ပြဋ္ဌာန်းတာမဟုတ် ဘူး။ ၂ဝ၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်အရ လေဆိပ်လိုနေရာမျိုးမှာ ဟိုးလေးတကျော်ဖြစ်အောင် ပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အကျံုးဝင်တယ်၊ ငြိစွန်းတယ်။ အဲ့ဒီတော့ လက်ရှိပုဒ်မတွေအရနဲ့ မလုံလောက်တဲ့အတွက် အဲ့ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရလည်းပဲ အရေးယူဖို့အတွက် ကျွန်တော်တို့က တင်တာ”ဟု တရားလိုရှေ့နေအဖြစ် ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃ဝ၂ (၁) (ခ)/ ၃၄ နှင့် ၃ဝ၂ (၂) ဖြင့် စွဲချက်တင်ထားသည့် သေနတ်သမားကြည်လင်းနှင့် အောင် ဝင်းဇော်တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၄၁၊ ၄၉၊ ၅၄ တို့ဖြင့် စွဲချက်တိုးမြှင့်ပေးရန် တိုင်းတရားရုံးကိုလျှောက်ထားခဲ့ခြင်းဖြစ်သည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၂၁၂ ဖြင့် စွဲချက်တင်ထားသော အောင်ဝင်းထွန်းကို ပုဒ်မ ၂၁၂ အစား ၂၂၅ သို့ ပြောင်းလဲကာ ဥပဒေပုဒ်မ - ၃ဝ၂ (၁) (ခ)/ ၃၄၊ ၃ဝ၂ (၂) နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၄၁၊ ၄၉၊ ၅၄ တို့ဖြင့် စွဲချက်တိုးမြှင့်ပေးရန် လျှောက်ထားခဲ့သည်။

“ စွပ်စွဲတဲ့ အကြောင်းအရာပေါ်မှာ သက်သေပြရမယ့် တာဝန်။ အဲ့ဒီတာဝန်က စွပ်စွဲတဲ့ ပုဒ်မအမျိုး အစားပေါ် မူတည်တယ်။ အခုပုဒ်မက တရားလိုက တစိုက်မတ်မတ် ဒီလူတွေ အပြစ်ရှိပါတယ်။ အပြစ်ကျူးလွန်ပါတယ်ဆို တာကို သက်သေပြရမယ့်တာဝန်ရှိတယ်။ ဒီတာဝန်သူမကျေပွန်ဘူးလို့ ကျွန်တော်ယူဆတယ်။ မကျေပွန်ဘူးဆိုတာ ကျွန်တော်တို့ အတွေးနဲ့ ကျွန်တော်တို့ ယူဆလို့မရဘူး။ အမှုတွဲပေါ်ပေါက်ချက်မှာ ထွက်ချက်တွေရှိပြီးသား။ ထွက်ချက်တွေကို ရှေ့နောက်ပြန်လှန် ချိန်ကိုက်ပြီးတော့မှ ကျွန်တော်တို့က ဒါကို သုံးသပ်ရတာ”ဟု ကြည်လင်းဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်ကလည်း ကြည်လင်းအပါအဝင် ၄ ဦးကို ရာဇသတ်ကြီးဥပဒေဖြင့် စွဲချက်တင်ခြင်းကို အကြမ်းဖက်ဥပဒေဖြင့် ထပ်မံ တရားစွဲဆိုသည့် စီရင်ထုံး မရှိကြောင်း၊ စွပ်စွဲခံရသူများ အနေ ဖြင့် အကြမ်းဖက်ဥပဒေဖြင့် ငြိစွန်းမှု မရှိသည့်အတွက် အကြမ်းဖက်ဥပဒေပုဒ်မ- ၄၉(င) အား ပြတ်ပြတ်သားသား ပလပ်ပေးရန် တရားခွင်အတွင်း လျှောက်ထားခဲ့သည်။

နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်သည့် ဥပဒေအရာရှိက ရှေ့နေဦးကိုနီအား သတ်ဖြတ်ရန် တင်ကူးကြံရွယ် မှုပေါ်ပေါက်ခဲ့ပြီး အကြမ်းဖက်မှု ပေါ်ပေါက်ခြင်းမရှိသည့်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ချမှတ် ထားသည့် ယခင်စွဲချက်များအတိုင်းသာ စွဲချက်တင်သင့်ကြောင်း ရုံးတော်တွင် လျှောက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required