ဆိုက်ဘာခိုးယူမှုအတွက် တရုတ်ရှိ ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များကို ဒဏ်ခတ်အရေးယူရန် အမေရိကန်စဉ်းစားနေ

ဆိုက်ဘာခိုးယူမှုအတွက် တရုတ်ရှိ ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များကို ဒဏ်ခတ်အရေးယူရန် အမေရိကန်စဉ်းစားနေ

ဝါရှင်တန်၊ သြဂုတ် ၃၁ ။        ။ အမေရိကန်၏ ကုန်သွယ်ရေးလျို့ဝှက်ချက်များကို ဟက်ကာဖောက်ထွင်းရာမှ အကျိုးကျေးဇူးခံစားခွင့်ရရှိနေသည်ဟု ယုံကြည်သော တရုတ်ရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ဒဏ်ခတ်အရေးယူရန် အိမ်ဖြူတော်က စဉ်းစားနေသည်ဟု ဝါရှင်တန်ပို့စ်က သြဂုတ် ၃၀တွင် အစီရင်ခံခဲ့သည်။

ဒဏ်ခတ်အရေးယူမှုများကို ထုတ်ပြန်ရေးနှင့် ပတ်သက်၍ နောက်ဆုံးဆုံးဖြတ်ချက်ကို မကြာမီချမှတ်ဖွယ်ရှိနေပြီး လာမည့်သီတင်းနှစ်ပတ်အတွင်းဖြစ်နိုင်ဖွယ်ရှိသည် အိုဘားမားအစိုးရအဖွဲ့မှ အမည် မဖော်သော အရာရှိအချို့၏ ပြောကြားချက်ကို ကိုးကား၍ ယင်းသတင်းစာက ဖော်ပြခဲ့သည်။ အမေရိကန်တွင် အချက်အလက် များဖောက်ထွင်းခံရ မှုနောက်ကွယ်တွင် တရုတ်ဟက်ကာများရှိနေ သည်ဆို သည့် သံသယများကြောင့် ကမ္ဘာ့အကြီးဆုံးစီးပွားရေးနှစ်နိုင်ငံကြား ဆက်ဆံရေးမှာ အနှောက်အယှက်ဖြစ်လျက်ရှိသည်။ တရုတ်သမ္မတရှီကျင်ပင်းမှာ လာမည့်လတွင် ပထမဆုံးအကြိမ် အမေရိကန်သို့ သွားရောက်မည်ဖြစ်သည်။

အမေရိကန်အစိုးရ၏ လက်ရှိဝန်ထမ်းနှင့် ဝန်ထမ်းဟောင်း အနည်းဆုံး ၄ဒသမ၂သန်း၏ အချက်အလက်မှတ်တမ်းများကို ထိန်းသိမ်းသော အမေရိကန်အစိုးရအေဂျင်စီတစ်ခုကို ကြီးမားသည့် ဟက်ကာဖောက်ထွင်းမှုတွင် တရုတ်သည် ထိပ်တန်းမသင်္ကာသူဖြစ်ကြောင်း အိုဘားမားအစိုးရအရာရှိများက ပြောကြားလျက်ရှိသည်။ တရုတ်ကမူ ယင်းကိစ္စတွင် ပတ်သက်မှုမရှိဟု ငြင်းဆိုထားသည်။

တရုတ်ဟက်ကာများသည် သူလျိုလူသစ်စုဆောင်းခြင်း သို့မဟုတ် အခြားကွန်ရက်များမှ အချက်အလက်များကို ချဉ်းကပ်ရယူခြင်းကဲ့သို့ အစဉ်အလာထောက်လှမ်းမှုတွင် အသုံးပြုနိုင်သော အချက်အလက် ဘဏ်ကြီးများကို တည်ဆောက်ရာတွင် အဆင့်မြင့်နည်းဗျူဟာများကို အသုံးပြုလျက်ရှိသည်ဟု အမေရိကန်အစိုးရအရာရှိများနှင့် ဆိုက်ဘာကျွမ်းကျင်သူများက ပြောသည်။

စီးပွားရေးဆိုင်ရာ သူလျှိုလုပ်သည်ဟု သံသယရှိသူများ၏ ပြည်ပရှိပိုင်ဆိုင်မှုများကို ထိန်းချုပ်နိုင်သော ဥပဒေကို ယခုနှစ်အစောပိုင်းက အိုဘားမားက လက်မှတ်ထိုးခဲ့ရာ ပထမဆုံးအသုံးပြုသည့် ပိတ်ဆို့မှု များဖြစ်လာမည်ဖြစ်သည်။ အဆိုပါသတင်းနှင့် ပတ်သက်၍ အိမ်ဖြူတော်အရာရှိတစ်ဦးက ချက်ခြင်းတုံ့ပြန်ပြောဆိုမှုမပြုခဲ့ပေ။ ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကလည်း ချက်ခြင်းမတုံ့ပြန်ခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly