ဘရာဇီးတွင် ကုန်ကားသမားများ၏ သပိတ်မှောက်မှု ရပ်ဆိုင်းရေး အစိုးရနှင့်အကြား ပြေလည်မှု ရ

ဘရာဇီးတွင် ကုန်ကားသမားများ၏ သပိတ်မှောက်မှု ရပ်ဆိုင်းရေး အစိုးရနှင့်အကြား ပြေလည်မှု ရ

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘရာဇီးတွင် ထရပ်ကားမောင်းသမားများ၏ လေးရက်ကြာ သပိတ်မှောက်ဆန္ဒပြမှုများကြောင့် နိုင်ငံမှာ စက်သုံးဆီ ပြတ်တောက်လာခြင်း၊ စားသောက်ကုန် သယ်ပို့ဖြန့်ဖြူးရေးနှင့် ပြည်ပပို့ကုန်ပိုင်း နှောင့်နှေး ကြန့်ကြာခြင်းနှင့် လေကြောင်းခရီးစဉ်များ ခြိမ်းခြောက်ခံရခြင်းတို့ ဖြစ်ပေါ်လာခဲ့ပြီး အခြေအနေ ဆိုးရွားနေခဲ့သည်။

ယခုအခါ အဆိုပါ သပိတ်မှောက်မှုကို ရပ်ဆိုင်းရန် ထရပ်ကားဒရိုင်ဘာများနှင့်အကြား သဘောတူညီချက်တစ်ရပ် ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဘရာဇီးအစိုးရက ကြေညာလိုက်သည်။

ထရပ်ကားသမားများကို ကိုယ်စားပြုသည့် များစွာသော အလုပ်သမားသမဂ္ဂများဘက်က သပိတ်မှောက်မှုကို ၁၅ ရက်ကြာ ဆိုင်းငံ့ထားရန် သဘောတူပေးလိုက်ပြီ ဖြစ်ကြောင်း၊ ယင်းကာလအတွင်း အခြေအနေအတွက် အဖြေရှာရန် သက်ဆိုင်သူများက ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သမ္မတ မိုက်ကယ် တီမာ အစိုးရအဖွဲ့ရုံး၏ အရာရှိချုပ် အဲလီဆု ပါဒီလ်ဟာ က ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံမှာ စက်သုံးဆီ စျေးနှုန်း မတန်မဆ မြင့်တက်နေမှုကြောင့် ၎င်းတို့၏ ၀င်ငွေ များစွာ လျော့ကျသွားသည်ဟု ဆိုကာ ထရပ်ကားသမားများက လုပ်ငန်းခွင် မဝင်ဘဲ ကားများ ရပ်တန့်ထားကာ သပိတ်မှောက်နေခဲ့ကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ အစိုးရနှင့်အကြား သဘောတူညီချက် ရလိုက်ခြင်းက အဝေးပြေးလမ်းများ၊ အခြားလမ်းများတွင် ယာဉ်ကြော ရှည်လျားစွာ ပိတ်ဆို့နေမှုများကို အလျင်အမြန် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဘရာဇီး သယ်ယူပို့ဆောင်ရေး အမျိုးသား ကွန်ဖက်ဒရေးရှင်း ဥက္ကဌ ဒူမာ ဘူနိုက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly