မကွေးတိုင်းဆောက်လုပ်ရေးလုပ်ငန်း တင်ဒါလျှောက်ကုမ္ပဏီများအား QC မှတ်တမ်းပေါ်အခြေခံ၍ ရွေးချယ်မည်

မကွေးတိုင်းဆောက်လုပ်ရေးလုပ်ငန်း တင်ဒါလျှောက်ကုမ္ပဏီများအား QC မှတ်တမ်းပေါ်အခြေခံ၍ ရွေးချယ်မည်

မေ ၂၅ ။           ။ မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းတင်ဒါအောင်မြင်ပြီး လုပ်ကိုင်ခွင့်ရခဲ့သောကုမ္ပဏီများ၏ လုပ်ငန်းဆိုင်ရာအရည်အသွေးအကဲဖြတ်မှတ်တမ်း QC Record များကို အခြေခံပြီး အကဲဖြတ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဆောက်လုပ်ရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

တိုင်းအစိုးရ၏ လက်ထဲတွင် QC Record များကို စနစ်တကျသိမ်းဆည်းထားကာ လာမည့် နှစ်စဉ်တင်ဒါပြိုင်ပွဲ များတွင် ယင်းမှတ်တမ်းများအပေါ်အခြေခံကာ ရွေးချယ်ခြင်း ဖြစ်သည်။

“QC အဖွဲ့က အကုန်မှတ်တမ်းတင်ထားတယ်။ အလုပ်တွေ ဆက်လုပ်ချင်တယ်ဆိုရင်တော့ QC မှတ်တမ်း ကောင်းအောင်လုပ်ကြပါ။ ကျွန်တော်တို့ Profile ဘယ်လိုကောင်းပါတယ် ပြောလို့မရတော့ဘူး။ တင်ဒါခေါ်ရင် ကုမ္ပဏီတွေရဲ့ Profile ကို စစ်တော့စစ်မယ်။ ဒီတစ်ခုထဲနဲ့တော့ မပြည့်စုံဘူး။ စာရွက်ထဲမှာ မျိုးစုံလုပ်လို့ရတယ်။ Profile ကတော့ လှအောင် လျှောက်ရေးနေကြတာ များတယ်။ ကျွန်တော်တို့ QC Record တွေ ကိုင်ထားမယ်ဓ ဟု တိုင်းဒေသကြီးဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်နွယ်ဦးက ပြောသည်။

လမ်းဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးက အဆောက်အဦ၊ဦးစီးဌာန၏တာဝန်ခံဖြစ်ပြီး စစ်ဆေးသည့် အဆောက်အဦ ၊ လုပ်ငန်း၊ နေရာ၊ ကုမ္ပဏီ၊ စစ်ဆေးသည့်ရက်စွဲ ၊ စစ်ဆေးသည့်အချက်အလက်များကို ၀န်ကြီးထံ စာဖြင့် ရေးသားတင်ပြရကြောင်း ၊ ကွန်ရစ်တိုင်လောင်းခြင်း ၊ ရေသွင်းခြင်း စသည့် လုပ်ငန်း အသေးစိတ်များမှစ၍ လိုက်နာရမည့် လုပ်ငန်းစဉ်များအပေါ် လိုက်နာမှုရှိ၊မရှိ နှင့် အရည်အသွေးပြည့်မီခြင်း ရှိ၊မရှိတို့အား မှတ်တမ်းတင်ထားကြောင်း သိရသည်။

“ အရင်တုန်းက ဘယ်လိုပဲ လုပ်ခဲ့လုပ်ခဲ့ စနစ်တကျသွားမယ်ဆိုရင် ၂နှစ်၊၃နှစ်အတွင်း အကုန်ကောင်းသွားမယ်။ ပြီးခဲ့တဲ့နှစ်က လုပ်ငန်းတွေ တင်ဒါပေးထားတာရှိတယ်။ ခွင့်ပြုနိုင်တဲ့ အတိုင်းအတာထိတော့ မပြောဘူး။ မကွေးတိုင်းလွှတ်တော် အဆောက်အဦးဆောက်နေတာ လေ့လာစေချင်တယ်။ အရမ်းစနစ်ကျတယ်” ဟု ၀န်ကြီးက ဆိုသည်။

QC မှတ်တမ်းအခြေခံကာ တင်ဒါအခွင့်အလမ်းများ ရှိလာမည့်အပေါ် စည်းကမ်းတကျလုပ်ကိုင်ချင်သည့် ကုမ္ပဏီများက ကြိုက်ကြလိမ့်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပြောပြီး ဒေသတွင်းအဆောက်အဦ၊လမ်းတံတား ဆိုင်ရာ အရည်အသွေးများ ကောင်းမွန်ခြင်း ရှိ၊မရှိအပေါ် နားလည်တတ်ကျွမ်းသော ၊ စိတ်ဝင်စားသော ပြည်သူများက စိတ်ဝင် တစား စောင့်ကြည့်လျက်ရှိကြောင်း မကွေးဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly