ဂျာမနီတွင် ဒုတိယကမ္ဘာစစ်ကျန်ဗုံး တွေ့ရှိ၍ အသက်မဲ့အောင် တစ်နေ့တာနီးပါး လုပ်ဆောင်ခဲ့ရ

ဂျာမနီတွင် ဒုတိယကမ္ဘာစစ်ကျန်ဗုံး တွေ့ရှိ၍ အသက်မဲ့အောင် တစ်နေ့တာနီးပါး လုပ်ဆောင်ခဲ့ရ

ဘာလင်၊ မေ ၂၅ ။        ။ ဂျာမနီနိုင််ငံ အရှေ့ပိုင်း မြို့တစ်မြို့တွင် ယခုသီတင်းပတ်အစောပိုင်းက  ဆောက်လုပ်ရေးအလုပ်သမားများ တွေ့ရှိသည့် ဒုတိယကမ္ဘာစစ်ကျန် ဗုံးတစ်လုံးကို ပညာရှင်များက အသက်မဲ့အောင် ၂၄ နာရီနီးပါး လုပ်ဆောင်ကာ စနက်တံဖြုတ်လိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က  ကြေညာသည်။

ဒရီစဒန်မြို့အနီး တွေ့ရှိသော ရှုပ်ထွေးပြီး အန္တရာယ်ကြီးသည့် ယင်းစစ်ကျန်ဗုံးကြောင့် အငြိမ်းစားအိမ်ရာများတွင် နေထိုင်သူများအပါအဝင် လူပေါင်း ၉၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းမှု ဖြစ်စေခဲ့သည်။

ဗုံးအန္တရာယ်ကြောင့် မြို့၏ ဝေဟင်ဧရိယာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်အဖြစ်ပါ ဒရီစဒန်လေဆိပ်မှ အဆင်းအတက် လေယာဉ်များ ပျံသန်းမှုကို အာဏာပိုင်များက ဆိုင်းငံ့ထားသည့်အထိ ဖြစ်ခဲ့သည်။

မေ ၂၃ ရက်က ဗုံးအား စနက်တံဖြုတ်ရန် ယခင်ကြိုးစားမှုတွင် မအောင်မမြင် ဖြစ်ခဲ့ပြီး အသေးစားပေါက်ကွဲမှုနှင့် မီးလောင်မှု ဖြစ်ခဲ့သည်။

မေ ၂၄ ရက် နေ့လယ်အထိ ဗုံးအား အသက်မဲ့အောင် မလုပ်နိုင်ကြသေးဘဲ ဘေးကင်းရေးအတွက် မီးငြိမ်းသတ်ရေးစက်ဖြင့် အေးခဲအောင် ဦးစွာ လုပ်ခဲ့ရသည်။

ထိုသို့ အေးခဲပြီးမှ ဗုံးနား ပညာရှင်များက ချည်းကပ်ကာ စနက်တံဖြုတ်နိုင်ပြီဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း ဖြစ်သည်။

ဒရီစဒန်မြို့သည် ဒုတိယကမ္ဘာစစ်တွင်းကာလ ၁၉၄၅ ဖေဖော်ဝါရီလအတွင်း အမေရိကန်နှင့် ဗြိတိန်တို့ ပစ်မှတ်ထားဗုံးကြဲရာ မြို့တစ်မြို့ဖြစ်ခြင်းကြောင့် စစ်ကျန်ဗုံးများ တူးဖော်တွေ့ရတတ်လေ့ရှိသည်။

ပြီးခဲ့သည့်လအတွင်းက အခြားသော စစ်ကျန်းဗုံးတစ်လုံးကို တွေ့ရှိကာ စနက်တံဖြုတ်ရ၍ ဘာလင်မြို့လယ်မှ လူပေါင်း တစ်သောင်းခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags