လယ်သမားတို့ညီညွတ်လျှင် စပါးစျေးကွက်တိုးချဲ့နိုင်မည်

လယ်သမားတို့ညီညွတ်လျှင် စပါးစျေးကွက်တိုးချဲ့နိုင်မည်
မကြာသေးခင်က ဘိုကလေးမြို့နယ်တွင် တွေ့ရသည့် လယ်ယာလုပ်ငန်းခွင်တစ်ခု(ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

မြန်မာ့ဆန် စျေးကွက်မျက်နှာပန်းလှစေရေးအတွက် သင့်လျော်သည့်မျိုးစပါးသုံးကြရန် လိုသည်ဟု မြစ်ဝကျွန်းပေါ်မှ လယ်သမားတစ်ဦးကတိိုက်တွန်းလိုက်သည်

ဘိုကလေး—ဆန်စျေးကွက် တိုးချဲ့ထိုးဖောက်နိုင်ရန်အတွက် မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်း၊ လယ်သမားအချင်းချင်း စုပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ လိုအပ်သည်ဟု မြစ်ဝကျွန်းပေါ်ဒေသမှ လယ်သမားတစ်ဦးက ပြောသည်။

နည်းပညာပေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နေသောဘိုကလေးမြို့နယ် အောက်မကျီးကျောင်းကျေးရွာသား ကိုမင်းနောင်နှင့် မကြာသေးမီက တွေ့ဆုံစဉ် ၎င်းက မျိုးစပါးထုတ်လုပ်မှု၊ အရည်အသွေး၊ ထွက်နှုန်း၊ စျေးကွက်၊ လယ်သမားတို့၏ အခက်အခဲအကြောင်းပြောပြထားသည်။

မေး။     ။ မျိုးစပါးထုတ်လုပ်တဲ့ အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ။        ။   ၂ဝ၁၂ လောက်မှာ သေချာစထုတ်ဖြစ်တယ်။  ရတနာဧရာဆိုတဲ့ အဖွဲ့နဲ့ ပူးပေါင်းပြီးထုတ်တယ်။  ထုတ်လုပ်စိုက်ပျိုးတဲ့ နည်းစနစ်ကတော့ သူတို့ကထောက််ပံ့ပေးတယ်။ စပါးပင်တွေကို ၁ဝလက်မပတ်လည်နဲ့ ခြောက်တန်း၊တစ်တန်းခြားပြီးစိုက်တာပေါ့။ ဟိုးအရင်ကစိုက်တုန်းကတော့ ဒီအတိုင်းပက်ကြဲပြီးစိုက်လိုက်တာ။ ခြောက်တန်း၊တစ်တန်းတွေရှိတာမဟုတ်ဘူး၊ မျိုးဆိုတာ သီးသန့်ရှိတာမဟုတ်ဘူး၊ လယ်ထဲကနေ ကိုယ်ကြိုက်တဲ့နေရာကို ရိတ်ယူပြီး မျိုးအဖြစ်ပြန်သုံးတာမျိုးပဲရှိတာ။ အခုတော့ မျိုးသန့်တွေစိုက်လာကြပြီ။ ထွက်လာတဲ့ မျိုးတွေကိုလည်း ရတနာဧရာကလုပ်တဲ့ မျိုးစပါးရောင်းပွဲမှာပြန်ရောင်းတယ်။  ကျွန်တော်တို့ စိုက်ဖို့ဖယ်ပြီးကျန်တဲ့မျိုးတွေ အကုန်ပြန်ရောင်းတယ်။

မေး။   ။ ဒေသမျိုးတွေနဲ့စိုက်တုန်းက အခြေအနေနဲ့ ဘာတွေ ကွာခြားလာလဲ။

ဖြေ။ ။ စပါးအရည်အသွေးနဲ့ ထွက်နှုန်းတွေကအစ ကွာတယ်။ ဆန်စက်ရောက်ရင်လည်း ဆန်အထွက်နှုန်း ကောင်းလာတယ်။ ဆန်အကျိုးအကြေတွေလည်း ကင်းစင်လာတယ်။ ဆန်အရည်အသွေးလည်းမြင့်လာတယ်။ စပါးအထွက်နှုန်းမြင့်လာတာနဲ့ ဝင်ငွေလည်း မြင့်လာတယ်။ အရင်ကဆိုတစ်ဧကမှ တင်း ၉ဝလောက်ပဲ ထွက်တယ်။ အခုစိုက်တဲ့ မျိုးသန့်တွေက ၁၃ဝဝန်းကျင်လောက်ကိုထွက်တယ်။

အရင်ကရောင်းရတဲ့ စျေးတွေကလည်း မကောင်းဘူး၊ တစ်ဧကကို တစ်သိန်းဝန်းကျင်လောက်ပဲ မြတ်တယ်။ ထွက်နှုန်းမကောင်းလို့ ဆုံးရှုံးသွားတဲ့သူတွေလည်း ရှိတယ်။ အကြွေးတင်သွားတာတွေလည်း ရှိတယ်။ အခုကတော့ ကျွန်တော်တို့ဆီက မျိုးတွေကတော့ အသန့်ဆုံးဖြစ်နေတာပေါ့။ တစ်ဧကကိုစိုက်ပျိုးစားရိတ် သုံးသိန်းခွဲလောက် ကုန်ပေမယ့် ပြန်ရောင်းရင် တစ်ဧကကို ခြောက်သိန်းဝန်းကျင်လောက် မြတ်တယ်။

မေး။ ။ မျိူးသန့်မစိုက်သေးတဲ့သူတွေကို ဘယ်လိုအကြံပေးချင်လဲ။

ဖြေ။  ။ မျိုးသန့်တွေများများစိုက်မှ လူတိုင်း မျိုးသန့်တွေသုံးနိုင်မှသာလျှင် ဆန်စပါးစျေးကွက်လည်း ပိုကောင်းလာမယ်။ လုပ်အားကြောင့် မစိုက်နိုင်တဲ့သူတွေကလည်း ဒီမျိုးတွေကို ဝယ်သုံးစေချင်တယ်။ အရင်ကတစ်ဧကကို မျိုးစပါး ၄ တင်းလောက်အထိ သုံးကြတယ်။  မျိုးသန့်ကိုသုံးတဲ့အခါမှာ တစ်ဧကကို ၂ တင်းအထိပဲ သုံးတယ်။ ဒါတောင် ကြဲပက်စနစ်နဲ့သုံးတာနော်။ အဲဒီတော့ ခေါက်ချိုးလောက်ကို ကွာနေတယ်။

မေး။ ။ မျိုးကောင်းမျိုးသန့်မစိုက်တဲ့ တောင်သူတွေကဘယ်လိုအခက်အခဲတွေရှိနေလို့လဲ။

ဖြေ။  ။ တချို့ကတော့ တစိုက်မတ်မတ်မလုပ်နိုင်တာလည်း ပါမှာပေါ့နော်။ စိတ်ဝင်စားမှုလည်း နည်းလို့ဖြစ်မှာပေါ့။ စိုက်ပျိုးရေးဆိုတာကလည်း စိတ်ပါဝင်စားပြီးတကယ်လုပ်နိုင်မှ။  ကျွန်တော်တို့က ငယ်ငယ်ကတည်းက စိုက်ပျိုးရေးကို စိတ်ဝင်စားတယ်။ ငှက်ပျောဆိုရင်လည်း ဧကအများကြီးစိုက်ခဲ့ဖူးတယ်။ သခွားဆိုရင်လည်းအများကြီးစိုက်တာ။ ကွမ်းဆိုရင်လည်းစိုက်ခဲ့ဖူးတယ်။  မြန်မာနိုင်ငံရဲ့အနေအထားအရ ကျွန်တော်တို့က မြေကြီးပဲပေါတာလေ၊ စိုက်ပျိုးရေးကို ထွန်းထွန်းပေါက်ပေါက်လုပ်နိုင်မှ စီပွားဖြစ်မယ်။  ကျွန်တော်ကတော့ အဲဒီလိုပဲယူဆတယ်။ မြေတစ်ဧကလောက်ရှိရင် ထမင်းစားလို့ရပြီ။

ကျန်တဲ့သူတွေ မစိုက်ကြတာလည်း အလုပ်သမားကလည်း ရှားပါးတယ်၊ဒီလိုစိုက်ရင် ကွင်းထဲက အမြဲတမ်းဆင်းနေရတယ်၊ မျိုးကွဲဖယ်ရတာတို့၊ကန်သင်းတွေရှင်းရတာတို့ကိုသူတို့မလုပ်နိုင်ဘူး။ စိုက်တဲ့အခါမှာလည်းပက်ကြဲရင်တောင်အနည်းဆုံး ၄ တင်း၊ ၅ တင်းကြဲတယ်။ ဒီကထွက်လာတဲ့မျိုးသန့်က တစ်တင်းကို တစ်သောင်းဖြစ်နေပြီ၊ နှစ်တင်းလောက်ပဲ ကြဲရမယ်ဆိုရင်တောင် သူတို့ကစမ်းပြီးမကြဲနိုင်ကြဘူး။ သူတို့လောက်ကောင်းပါ့မလား၊ သူတို့ကငွေရှိလို့၊ လုပ်နိုင်လို့ဆိုပြီး ထင်သွားကြတာ။  မျိုးစျေးကလည်း နည်းနည်းကွာသွားတယ်။ အဲဒီတော့ သူတို့မှာရှိတဲ့ မျိုးကိုပဲ ပြန်သုံးကြတာများတယ်။  ကျွန်တော်တို့လည်း စမ်းတုန်းက ကြောက်တာပဲ။ အခုလည်းအဲဒီလိုပဲ။ ဒီကမျိုးကအထွက်ကောင်းမှန်း သူတို့သိတယ်။ သူတို့မလုပ်နိုင်ကြဘူး။ အလုပ်သမားကလည်း ရှားပါးတယ်။ နည်းပညာကသိတော့သိတယ်၊ နည်းသေးတယ်ပေါ့။

မေး။ ။ ဒီရွာကတောင်သူတွေကအခုစိုက်နေတဲ့မျိုးကိုရောစိတ်ဝင်စားမှု များသလား။

ဖြေ။ ။ ဒီနှစ်ဆိုရင်တော့ စိတ်ဝင်စားမှုရှိတဲ့သ ူပိုပြီးများလာတယ်။ ဒီမျိုးကို ပြန်ယူပြီးစိုက်တဲ့သူ ဒီရွာမှာပဲ ရ ယောက်၊ ၈ ယောက်လောက်အထိကို ရှိလာတယ်။ ကျွန်တော်စထုတ်တုန်းကဆိုရင် ရွာမှာမရောင်းခဲ့ရဘူး၊ တခြားရွာကိုပဲ ချိတ်ဆက်ပြီး ရောင်းခဲ့ရတာ။ ကျွန်တော်ပိုက်ဆံသုံးနိုင်လို့လုပ်တာလို့ပဲထင်ကြတာ။အခုတော့ ကျွန်တော့်ဆီက ပြန်ဝယ်လာကြပြီ။ တစ်ယောက်ကို တစ်ဧက၊နှစ်ဧက စမ်းစိုက်လာကြတာပေါ့။

မေး။ ။ အပြောင်းအလဲလုပ်ကြအောင် သေချာစည်းရုံးဖြစ်သေးလား။

ဖြေ။ ။ ကျွန်တော်တို့ဆိုရင် ဒါကရွာအတွက် လုပ်တာပဲလေ။ တစ်အိမ်တက်ဆင်းကို လိုက်စည်းရုံးတာ။ လေးငါးကြိမ်လောက်ကို လုပ်ပြီးပြီ။ ဘယ်လိုလုပ်မလဲဆိုတော့ ကျွန်တော်တို့ဆီမှာတော့ မျိုးကတော့ ရှိပြီ၊စပါးတစ်မျိုးတည်းကိုပဲ အစုအဖွဲ့နဲ့ထုတ်မယ်။ သူတို့စိတ်ပါသွားအောင်လည်း တစ်ခါလောက်တော့ လုပ်ပြမယ်။ ထွက်လာမယ့်စပါးက မျိုးသန့်ဖြစ်တဲ့အတွက် အရည်အသွေးကောင်းမှာတော့ သေချာတယ်။

အစုအဖွဲ့နဲ့ထုတ်ပြီးတော့ ထွက်လာတဲ့စပါးကို တစ်နေရာတည်းကနေ ရောင်းမယ်၊သယ်တဲ့အခါမှာလည်း တစ်နေရာတည်းကို လာသယ်ရမှာဖြစ်တဲ့အတွက် ဝန်ဆောင်ခမပေးရဘူး။ စျေးလည်းပိုရလာမယ်။ စက်ကိုပေးတဲ့နေရာမှာလည်း သူတို့စက်ကတစ်နေ့ကို တင်းသုံးထောင်လောက်ကြိတ်ရတယ်ဆိုရင် သုံးထောင်ပြည့်အောင် ပေးမှရမယ်။ တင်း ၁ဝဝလောက်နဲ့ဆိုရင် သူတို့ မကိုက်ဘူးလေ။ အဲဒီတော့ သူတို့လည်းရည်မှန်းချက်ပြည့်မှီအောင်ဆိုပြီး ကျွန်တော်တို့ကဧက ၅ဝလောက်မှန်းလိုက်တယ်။ ဒါပေမဲ့ လူကမရခဲ့ဘူး၊အစကတော့ ပါဝင်မယ်ဆိုပြီး တကယ်လုပ်မယ်ဆိုတော့မှ မဝင်တော့ဘူး။ အဲဒီတော့ ကျွန်တော်တို့ လေးငါးဆယ်ယောက်လောက်နဲ့ပဲ လုပ်လိုက်ရတယ်။ အဲဒီတော့ ဧကလည်းနည်းပြီးတော့ ကျွန်တော်တို့ရည်မှန်းချက်က မမှီတော့ဘူး။ အထွက်နှုန်းမလျော့စေရဘူးလို့အာမခံထားတာ၊ဒါပေမဲ့ စိတ်ပါတဲ့သူကနည်းနေသေးတယ်။

လူတိုင်းကိုလည်းအထွက်နှုန်းတွေကောင်းကြောင်းအမြဲတမ်းပြောပါတယ်။ သူငယ်ချင်းကသတိပေးတယ် …သိပ်ကောင်းကြောင်းမပြောနဲ့၊ကိုယ်က မျိုးရောင်းချင်လို့ ထင်လိမ့်မယ်ပေါ့နော်။  မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်းကြောင့် ခံစားရတာက ကျွန်တော်တို့ချည်းပဲမဟုတ်ဘူး၊အဆင့်ဆင့်သွားတာ။ လယ်သမားတိုင်း မျိုးသန့်စိုက်မယ်ဆိုရင် အခြားနိုင်ငံတွေရဲ့စျေးကွက်ကိုမှီမယ်။ ဆန်စက်ပိုင်တွေကလည်းစပါးတင်းလေးငါးထောင်လောက်ရမှ၊တစ်ရာ၊ နှစ်ရာဆိုရင် သူတို့ကထည့်စဉ်းစားမှာမဟုတ်ဘူးလေ။ လေးငါးထောင်ရဖို့ကို ကျွန်တော်တို့ကလုပ်ချင်တယ်။ လုပ်လို့သာရမယ်ဆိုရင် စပါးစျေးကွက်ကလည်းမြင့်လာဦးမှာ။ အဓိကကအစုအဖွဲ့နဲ့ ယုံကြည်မှုအင်အားတွေက ကျွန်တော်တို့လူမျိုးတွေကြားမှာနည်းနေသေးတယ်။

တစ်ယောက်နဲ့တစ်ယောက်ယုံကြည်ပြီးစုပေါင်းလုပ်မှပဲအောင်မြင်နိုင်မယ်။ ဥပမာ ကျွန်တော့်ရွာမှာဆိုရင်လည်း ကျွန်တော်တစ်ယောက်တည်းလုပ်လို့လည်းမဖြစ်နိုင်ဘူး။ တစ်ရွာလုံးသာဝိုင်းပြီးစိုက်ပျိုးထုတ်လုပ်ကြမယ်ဆိုရင် မျိုးစပါးတစ်မျိုးတည်းကိုပဲအများကြီးထုတ်နိုင်တဲ့အတွက် စျေးကွက်ပိုပြီးကောင်းလာမှာအသေအချာပဲ။      ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly