ဆန်၊ပြောင်း၊ သကြား အပါအဝင် မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်မှ ၀ယ်ယူလို

ဆန်၊ပြောင်း၊ သကြား အပါအဝင် မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်မှ ၀ယ်ယူလို
ဓာတ်ပုံ-EPA
 

ရန်ကုန်၊ မေလ ၂ ရက် ။           ။ ဆန်၊ပြောင်း၊ သကြား အပါအဝင် မြန်မာ့လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံ ကူမင်းအစိုးရမှ ၀ယ်ယူလို ကြောင်းဆက်သွယ်လာ၍ ကူမင်းပြည်နယ်သို့ တင်ပို့တော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

တရုတ်နိုင်ငံ ကူမင်းပြည်သူ့အစိုးရမှ မြန်မာနိုင်ငံရှိ လယ်ယာထွက်ကုန်များကို ၀ယ်ယူလိုကြောင်း မြန်မာ ကောင်စစ်ဝန်ရုံးမှတစ်ဆင့် သံတမန်နည်းအရ ဆက်သွယ်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ညှိနှိုင်းနေဆဲ ဖြစ်သည်။

"ဟိုဘက်ကတော့ တရုတ်နိုင်ငံကူမင်းမြို့ပြည်သူ့အစိုးရကနေပြီးတော့ ကူမင်းမြို့အစိုးရကို ကိုယ်စားပြုတဲ့ ကုမ္ပဏီတစ်ခု သတ်မှတ်ပေးတယ်။ ဒီဘက်မှာတော့ မြန်မာနိုင်ငံ UMFCCI အောက်မှာရှိတဲ့ အသင်းအဖွဲ့တွေ ကနေပြီးတော့ သတ်မှတ်ပေးတဲ့ကုမ္ပဏီဖြစ်လိမ့်မယ်" ဟု စီးပွားကူးသန်းမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း က ပြောသည်။

ထို့ကြောင့် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) ကို လာမည့် ဇွန်လပိုင်းတွင် ရေးထိုးသွားမည်ဖြစ်ပြီး အဆိုပါ MoU ရေးထိုးရာတွင် ပါ၀င်မည့် အချက်များကို မေလ ၂၄ ရက်က ရန်ကုန်မြို့၊ UMFCCI တွင် ဆွေးနွေးခဲ့ကြ သည်။

"အဓိက ကျွန်တော်တို့ ပို့ဖို့ကတော့ ဆန်ပါမယ် ။ ပြောင်းပါမယ် ။ သကြားပါမယ် ။ အဲဒါကို ဟိုဘက်ကို တရားဝင်တင်ဖို့နိုင်ရေး ညှိနိူင်းဆဲပဲ ဖြစ်ပါတယ်" ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) ရှိ အဖွဲ့စည်းများနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ၀ယ်ယူမည့် တန်ချိန်နှင့် အမျိုးအစားများကို အတိအကျမသိရှိရသေးပေ။

လက်ရှိအချိန်တွင် ဆန်တင်ပို့ရန်အရေအတွက် ပမာဏများကို ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံမှ နယ်စပ်ဒေသနှင့် ပြည်ပသို့ ယခင်နှစ် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၃.၅၉ သန်း ပို့နိုင်ခဲ့သည်။  ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (၆ လ အတွင်း) ၌လည်း ဆန်တန်ချိန် တစ်သန်းအထက် ပို့နိုင်ရန် မျှော်မှန်းထားသည်။ ၂၀၁၈ ခုနှစ် မေလ ၁၁ ရက်နေ့ အထိ ဆန်တန်ချိန် ၂ ဒဿမ ရ သိန်းကျော် ပြည်ပသို့ တင်ပို့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly