လုံခြံုရေးဝန်ထမ်းကို သံတုတ်ဖြင့်ရိုက်သတ်ပြီး ဝါယာကြိုးဖြင့်ချည်ခဲ့သူ နှစ်ဦးကို ဖမ်းမိ

လုံခြံုရေးဝန်ထမ်းကို သံတုတ်ဖြင့်ရိုက်သတ်ပြီး ဝါယာကြိုးဖြင့်ချည်ခဲ့သူ နှစ်ဦးကို ဖမ်းမိ
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့
 

ရန်ကုန်၊ မေလ ၂၄ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ဆောင်လက်စအဆောင်အဦးတွင် လုံခြံုရေးဝန်ထမ်းကို သံတုတ်ဖြင့် ရိုက်သတ်ကာ ပါးစပ်အားတိပ်ဖြင့်ပတ်၊ ခြေထောက်အား ဝါးယာကြိုးဖြင့်ချည်ခဲ့သူ နှစ်ဦးကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ယနေ့ မေလ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ရန်ကင်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ ရွှေအိမ်ရာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေသည့် ဆောက်လက်စအဆောက်အဦးအတွင်း မေလ ၂၂ ရက်၊ နံနက် ၈ နာရီခွဲ အချိန်ခန့်က လုံခြံုရေးဝန်ထမ်းဖြစ် သူ အသက် ၄ဝ အရွယ် ဦးဇော်ဝမ်းဆိုသူကို ခြေနှစ်ဖက် ဝါယာကြိုးဖြင့် ချည်ထားလျက်၊ ပါးစပ်ကို တိပ်ဖြင့် ပတ်ကာ ယင်းအပေါ်မှ စွပ်ကျယ်ဖြင့် ထပ်ချည်နှောင်ထားလျက် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းလူသတ်မှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးခဲ့ရာ အဆောင်အဦး လုံခြံုရေးတဲအတွင်း သေဆုံးသူ လုံခြံုရေးဝန်ထမ်းပိုင်ဆိုင်သည့် သံသေတ္တာကို ဖျက်ဆီးထားသည့်အပြင် ၎င်းပိုင်ဆိုင်သည့် Huawei အမျိုးအစား လက်ကိုင်ဖုုန်းတစ်လုံး ပျောက်ဆုံးနေပြီး အနီးတွင် အဖြူရောင်တီရှပ်တစ်ထည်၊ သွေးစွန်းနေသော သံတုတ်တစ်ချောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ ခိုးမှုပြစ်ချက်ဟောင်းရှိသူများကို သတင်းဖြန့်စုံစမ်းရှာဖွေခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂) ရပ်ကွက်တွင် နေထိုင်ပြီး တွန်းလှည်းဖြင့် ပစ္စည်းအဟောင်းများ လိုက်လံဝယ်ယူရောင်းချသူများဖြစ်သည့် အသက် ၁၉ နှစ် အရွယ် ဝင်းနိုင်ဖြိုး(ခ) ငရှိုင်းဆိုသူနှင့် အသက် ၂၁ နှစ်အရွယ် အောင်ဖြိုးကို (ခ) ကပ္ပလီတို့ နှစ်ဦးက ပြစ်မှုကျူးလွန်ခဲ့ကြောင်း သိရှိခဲ့သဖြင့် ၎င်းတို့နှစ်ဦးကို မေလ ၂၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယင်းအမှုနှင့် ပတ်သက်ပြီး ၎င်းတို့ကို ရန်ကင်းမြို့မရဲစခန်းတွင် (ပ) ၂ဝ၆ / ၂ဝ၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းရှာဖွေခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးထွက်ဆိုချက်အရ မေလ ၂၂ ရက်၊ နံနက် ၃ နာရီခန့်အချိန်တွင် ပစ္စည်းများခိုးယူရန်အတွက် လိုက်လံကြည့်ရှုစဉ် ရန်ကင်းမြို့နယ်ရှိဆောက်လက်စ အဆောက်အဦအတွင်းသို့ သံတိုသံစများခိုးယူရန် ဝင်ရောက်ခဲ့ရာ လုံခြုံရေးဝန်ထမ်းမှာ နိုးလာသဖြင့် အနီးရှိသံတုတ်ဖြင့်နှစ်ချက်ရိုက်ခဲ့ကြောင်း၊ လျှပ်စစ်ပန်ကာမှ ဝါယာကြိုးကိုု ဖြတ်၍ ခြေထောက် နှစ်ဖက်ကိုချည်နှောင်ခဲ့ကြောင်း၊ ပါးစပ်ကိုလည်း တိတ်ဖြင့် ပတ်၍၎င်း အပေါ်မှာ စွပ်ကျယ်ဖြင့် ချည်နှောင်ခဲ့ကြောင်းသိရသည်။

ပြီးနောက် သံသေတ္တာ သော့ကိုရိုက်ဖျက်ပြီးငွေ ၁ဝ၇ဝဝ ကျပ်နှင့် Huawei ဖုန်းတို့ကို ယူဆောင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူ အသက် ၂၁ နှစ်အရွယ် အောင်ဖြိုး(ခ) ကပ္ပလီမှာ ၂ဝ၁၂ ခုနှစ်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ဘုရားဝင်း အတွင်းထားရှိသော အလှူခံပုံးမှ ငွေများခိုးယူခဲ့သဖြင့် သန်လျင်မြို့နယ်၊ လူငယ်ပြုစုထိန်းသိမ်းရေး သင်တန်းကျောင်းတွင် ထောင်ဒဏ် (၁)နှစ် (၂)လ ပြစ်ဒဏ်ကျခံခဲ့ဖူးကြောင်းသိရသည်။

လက်ရှိတွင် ဝင်းနိုင်ဖြိုး(ခ) ငရှိုင်းနှင့် အောင်ဖြိုး(ခ) ကပ္ပလီတို့နှစ်ဦးအား ဥပဒေနှင့်အညီအရေးယူနိုင်ရန် စစ်ဆေးလုပ်ဆောင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required