ဖောင်းပြင်တွင် မူလတန်းပြဆရာမတစ်ဦး ကိုင်းတောအတွင်းသေဆုံးခဲ့မှုအား လူသတ်မှုဖြင့် အမှုဖွင့်ထား

ဖောင်းပြင်တွင် မူလတန်းပြဆရာမတစ်ဦး ကိုင်းတောအတွင်းသေဆုံးခဲ့မှုအား လူသတ်မှုဖြင့် အမှုဖွင့်ထား
သေဆုံးသူအား ဒဏ်ရာများနှင့်တွေ့ရှိရစဉ်။ ဓာတ်ပုံ-ပြည်ထဲရေး

 

ရန်ကုန်၊ မေလ ၂၄ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မန်မော်- ပိုးစာကုန်း ကျေးရွာချင်းဆက်လမ်းဘေး ပိုးစာကုန်း ကျေး ရွာအနောက်ဘက် ၁ မိုင်ခန့်အကွာ ကိုင်းတောအတွင်း မူလတန်းပြ ဆရာမတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး လျက်တွေ့ရှိခဲ့မှုအား လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဒဏ်ရာများဖြင့် သေဆုံးနေသည့် မူလတန်းပြဆရာမမှာ အ.လ.က(မန်မော်)တွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၂၄ နှစ်အရွယ် မခင်နှင်းရီဆိုသူဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို မေလ ၂၃ ရက်၊ နံနက် ၃ နာရီခွဲ အချိန်တွင် ဖောင်းပြင်ဆေးရုံသို့ ပို့ဆောင် အပ်နှံခဲ့ကြောင်းသိရသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ဦးစိုးမြင့်လွင်ဆိုသူ တိုင်တန်းချက်အရ နံနက် ၄ နာရီ ၃၅ မိနစ်ခန့်တွင် မခင်နှင်းရီ ကို သတ်သူ (စိစစ်ဆဲ) အား ဖောင်းပြင်မြို့မရဲစခန်း(ပ)၆၅/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂(လူသတ်မှု)ဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ မေလ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မူလတန်းပြဆရာမ၏ ရုပ်အလောင်းကို ပြီးခဲ့သည့် မေလ ၂၂ ရက်၊ ည ၁ဝ နာရီ၊ ၅ဝ မိနစ်ခန့်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဖောင်းပြင်ခေတ္တမြို့မရဲစခန်းမှူးနှင့်အဖွဲ့တို့မှ သွားရောက်စစ်ဆေးရာတွင် ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ ယာဒူးခေါင်းပွန်းပဲ့၊ ဝဲပုခုံးညိုမဲ၊ နှာခေါင်းသွေးထွက်ဒဏ်ရာတို့ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မိန်းမအင်္ဂါစပ် ဆီးခုံအနီးတွင် သွေးစအနည်းငယ်ထွက်လျက် သေဆုံးနေခြင်းဖြစ်ပြီး မခင်နှင်းရီ၏ ရုပ်အလောင်းအနီးတွင် ဆိုင်ကယ် ၁ စီး၊ သွေးစွန်းနေသော ကျောက်တုံး ၁ တုံး၊ ၄x၂ သစ်သားချောင်း ၁ ချောင်း၊ အမျိုးသမီးဝတ် အတွင်းခံဘောင်းဘီ ၁ ထည် (မခင်နှင်းရီ၏ အဝတ်အစား ဟုတ်/ မဟုတ် စိစစ်ဆဲ) တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

မခင်နှင်းရီမှာ မေလ ၂၂ ရက်နေ့၊ ညနေ ၃ နာရီ၊ ၅ဝ မိနစ်အချိန်ခန့် ၎င်းနေအိမ်မှ ပိုးစာကုန်းကျေးရွာသို့ အ.လ.က(မန်မော်) တွင် တာဝန်ထမ်းဆောင်နေသော ဆရာမ ဒေါ်မိုးမိုးဝင်းအား ကြိုရန် ထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၂၂ ရက်၊ ည ၆ နာရီ၊ ၅ဝ မိနစ်ခန့် အချိန်ထိ မခင်နှင်းရီ အိမ်သို့ ပြန်ရောက်မလာသဖြင့် မန်မော် ရွာသူ၊ ရွာသားများက လိုက်လံရှာဖွေခဲ့ရာတွင် မခင်နှင်းရီ ရုပ်အလောင်းအား ဒဏ်ရာများဖြင့် သေဆုံးလျက် အခင်းဖြစ်ပွားနေရာတွင် တွေရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly