အာဆင်နယ်ရဲ့ အနာဂါတ်သစ်ကို ဖော်ဆောင်ပေးမယ့် အမ်မရီ

အာဆင်နယ်ရဲ့ အနာဂါတ်သစ်ကို ဖော်ဆောင်ပေးမယ့် အမ်မရီ

မေ ၂၄၊ လန်ဒန်။            ။ အာဆင်နယ်နည်းပြသစ်ဖြစ်လာတဲ့ အူနိုင်း အမ်မရီက သူ့အနေနဲ့ အသင်းရဲ့အနာဂါတ်သစ်ကို ဖော်ဆောင်သွားမှာဖြစ်ပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့အတွက် ခြေစွမ်းမပြနိုင်တဲ့ဘယ်ကစားသမားနဲ့မဆို လက်တွဲဖြုတ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

၂၂ နှစ်အတွင်း အာဆင်နယ်ရဲ့ ပထမဆုံးနည်းပြသစ်ဖြစ်လာတဲ့ စပိန်လူမျိုးနည်းပြဟာ ဗုဒ္ဓဟူးနေ့က အမ်းမရိတ်စ်ကွင်းထဲမှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အသက် ၄၆ နှစ်အရွယ်နည်းပြ အမ်မရီဟာ ၂၀၀၄ ကတည်းက ပရီးမီးယားလိဂ်ဖလားရယူနိုင်ခြင်းမရှိတော့တဲ့ အာစင်ဝင်းဂါး တည်ဆောက်ထားတဲ့ အသင်းကို တာဝန်ယူကိုင်တွယ်ရမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၆ သာရခဲ့လို့ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ နှစ်နှစ်ဆက်တိုက်လွဲချော်ခဲ့ကာ ချန်ပီယံ မန်စီးတီးအသင်းရဲ့ ၃၇ မှတ်ဖြတ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။

“ကျွန်တော့်အတွက်တော့ စိန်ခေါ်မှုကြီးတစ်ခုဆိုပေမယ့် တခြားစီမံကိန်းတွေမှာ လုပ်ဖူးတဲ့အတွေ့အကြံုရှိပါတယ်။ စီမံကိန်း အကြီးကြီးတွေပါ။

အာဆင်နယ်က ကစားသမားကောင်းတွေနဲ့ အသင်းကြီးတစ်သင်းဖြစ်ပါတယ်။ ကျွန်တော်တို့မှာ စိန်ခေါ်မှုလိုအပ်နေတာလို့ ထင်ပါတယ်။ ကစားသမားအနည်းငယ်ဆီမှာပေါ့။

ကစားသမားတစ်ဦးချင်းစီနဲ့ မျက်နှာချင်းဆိုင်ပြီး စကားပြောချင်ပါတယ်။ ချန်ပီယံလိဂ်နဲ့ နှစ်နှစ်ကြာကင်းကွာသွားတဲ့နောက်မှာ အသင်းအတွက် သိပ်အရေးကြီးလာပါပြီ။ ပရီးမီးယားလိဂ်မှာသာမက ကမ္ဘာမှာပါ အကောင်းဆုံးအသင်းဖြစ်အောင် ပြန်လုပ်ဖို့ပေါ့” လို့ အမ်မရီက ပြောပါတယ်။

အာစင်ဝင်းဂါးနေရာကို ဆက်ခံခွင့်ရတဲ့အတွက် ဂုဏ်ယူမိကြောင်းနဲ့ နှစ်တိုင်းလိုလို စိန်ခေါ်မှုတွေနဲ့ အသားကျနေတဲ့ သူ့အတွက် ဒီအလုပ်ကလည်း အိပ်မက်တွေအမှန်တကယ်ဖြစ်လာတာလို့ အမ်မရီက ပြောဆိုခဲ့ပါသေးတယ်။

အမ်မရီဟာ အာဆင်နယ်အသင်းနဲ့ ၂ နှစ်သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။ လစာကတော့ တစ်နှစ် ပေါင် ၅ သန်းဝန်ကျင်ရှိတယ်လို့ သတင်းတွေက ခန့်မှန်းဖော်ပြနေကြပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required