ကျူးဘား ကွန်မြူနစ်အစိုးရ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လူးဝစ် ပိုဆာဒါ ကာရီလက်စ် သေဆုံး

ကျူးဘား ကွန်မြူနစ်အစိုးရ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လူးဝစ် ပိုဆာဒါ ကာရီလက်စ် သေဆုံး

မေ ၂၄ ။           ။ ကျူးဘား ကွန်မြူနစ်အစိုးရကို ဖြုတ်ချနိုင်ရန် ဘဝ၏ အချိန်တော်တော်များများ မြုှပ်နှံ ကြိုးပမ်းခဲ့သည့် တက်ကြွလှုပ်ရှားသူ လူးဝစ် ပိုဆာဒါ ကာရီလက်စ်သည် မေလ ၂၃ ရက်က ဖလော်ရီဒါတွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

ကွယ်လွန်ချိန်တွင် အသက် ၉၀ နှစ် ရှိနေပြီဖြစ်သည့် ကျူးဘားနိုင်ငံဖွား CIA အေးဂျင့်ဟောင်း မစ္စတာ ပိုဆာဒါ ကာရီလက်စ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒဲလ် ကက်စ်ထရို၏ အမုန်းတီးဆုံး ရန်သူတော်တစ်ဦးလည်း ဖြစ်ခဲ့သူဖြစ်သည်။

၎င်းမှာ ၁၉၆၁ ခုနှစ်က အမေရိကန်ကျောထောက်နောက်ခံပြုခဲ့သော မအောင်မြင်ခဲ့သည့် Bay of Pigs ကျူးကျော်မှု တွင် ပါ၀င်ခဲ့သူ တစ်ဦးဖြစ်သကဲ့သို့ ၁၉၇၆ ခုနှစ် လူ ရ၃ ဦး သေဆုံးခဲ့သည့် ကျူးဘားလေယာဉ်ဗုံးခွဲမှု ဖြစ်စဉ်ကိုလည်း စီစဉ်ခဲ့သူဟု စွပ်စွဲခံထားခဲ့ရသူလည်း ဖြစ်သည်။

ကျူးဘားအစိုးရဘက်ကမူ မစ္စတာ ပိုဆာဒါ ကာရီလက်စ်ကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားခဲ့သော်လည်း များစွာသော ကျူးဘားပြည်ပြေးအသိုင်းအဝိုင်းကြားတွင်မူ ၎င်းမှာ သူရဲကောင်းတစ်ဦးအဖြစ် ချီးမြှောက်ခံထားခဲ့ရသူလည်းဖြစ်သည်။

၎င်းမှာ လည်ချောင်းကင်ဆာ ခံစားနေခဲ့ရပြီး ယခု မေလ ၂၃ ရက်တွင် ဖလော်ရီဒါ ပြည်နယ်ရှိ စစ်မှုထမ်းဟောင်းများအတွက် အစိုးရက ပေးထားသည့် နေအိမ်တစ်လုံးတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ ရှေ့နေက ထုတ်ဖော်သွားသည်။

၁၉၂၈ ခုနှစ် ကျူးဘားတွင် မွေးဖွားခဲ့သည့် ပိုဆာဒါ ကာရီလက်စ်မှာ ၁၉၅၉ ခုနှစ် ကွန်မြူနစ် တော်လှန်ရေး ဖြစ်ပြီးနောက် အဆိုပါကျွန်းနိုင်ငံကနေ ထွက်ခွာခဲ့သူ ဖြစ်သည်။ ၎င်းသည် အမေရိကန်စစ်တပ်တွင် တာဝန်ထမ်းခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် CIA သို့ ရောက်ရှိခဲ့ကာ ၁၉၇၆ မတိုင်ခင်အထိ ယင်း အေဂျင်စီအတွက် အလုပ်လုပ်ပေးခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required