အမေရိကန်၏ အီရန်နျူကလီးယားသဘောတူညီချက်အသစ် တောင်းဆိုခြင်းကို နေတန်ယာဟု ချီးမွှမ်းထောက်ခံ

အမေရိကန်၏ အီရန်နျူကလီးယားသဘောတူညီချက်အသစ် တောင်းဆိုခြင်းကို နေတန်ယာဟု ချီးမွှမ်းထောက်ခံ

ဂျေရုဆလင်၊ မေ ၂၄ ။                                ။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရ၏ အီရန်အနေဖြင့် ၎င်း၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်များနှင့် ပတ်သက်ပြီး သဘောတူညီမှုသစ်တစ်ရပ် ဖော်ဆောင်ရန် တောင်းဆိုထားခြင်းအား အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မေ ၂၃ ရက်တွင် ချီးမွှမ်းထောက်ခံလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယို၏ အီရန်နျူကလီးယားသဘောတူညီမှုသစ်တစ်ရပ် ပြန်လည်တောင်းဆိုခြင်းကို တဲလ်နော့ဖ်လေတပ်အခြေစိုက်စခန်းတွင် လေတပ်တပ်မှူးများ ညီလာခံ၌ ဘင်ဂျမင်နေတန်ယာဟုက ထောက်ခံပြောဆိုခြင်း ဖြစ်သည်။

“အီရန်ရဲ့ ရန်စနိုင်တဲ့ အနေအထားကို ပိတ်ဆို့တဲ့ သမ္မတ ထရမ့်ရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုနဲ့ နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုတို့ကို အစ္စရေးအနေနဲ့ နက်နက်ရှိုင်းရှိုင်း အသိအမှတ်ပြုပါတယ်။” ဟု နေတန်ယာဟုက ဆိုသည်။

အမေရိကန်နှင့် အစ္စရေးသည် အီရန်ပြည်သူများနှင့် အချင်းများခြင်း မဟုတ်ကြောင်း၊ အီရန်၏ ရန်လိုနိုင်မှုအပေါ်သာ ပစ်မှတ်ထား၍ ယင်း၏ နျူကလီးယားလက်နက် တီထွင်ထုတ်လုပ်ခြင်းကို ခွင့်ပြုနိုင်မည် မဟုတ်ကြောင်း နေတန်ယာဟုက အလေးအနက်ပြောသည်။

ထိုပြင် ဆီးရီးယား၌ အီရန် အားကောင်းစွာ ရှိနေခြင်းအားလည်း ခွင့်ပြုမည် မဟုတ်ဟု  အစ္စရေးဝန်ကြီးချုပ်က ကတိပေးသည်။

 အမေရိကန်သည် အီရန်နှင့် အင်အားကြီး ခြောက်နိုင်ငံ ချုပ်ဆိုထားသော ၂၀၁၅ နျူကလီးယား သဘောတတူညီမှုအား လိုအပ်ချက်များ ရှိ၍ ဘေးများကြောင်း ဆိုကာ နုတ်ထွက်ထားပြီး အသစ်ချုပ်ဆိုရေး တောင်းဆိုထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required