အိန္ဒိယတွင် လေထုညစ်ညမ်းမှုကြောင့် ကြေးနီစက်ရုံပိတ်သိမ်းရေး ဆန္ဒပြသူများကို ရဲက ပစ်ခတ်၍ ၁၂ ဦး သေဆုံး

အိန္ဒိယတွင် လေထုညစ်ညမ်းမှုကြောင့် ကြေးနီစက်ရုံပိတ်သိမ်းရေး ဆန္ဒပြသူများကို ရဲက ပစ်ခတ်၍ ၁၂ ဦး သေဆုံး

နယူးဒေလီ၊ မေ ၂၃ ။         ။ အိန္ဒိယနိုင်ငံတွင် လေထုညစ်ညမ်းမှုအတွက် စိုးရိမ်ခြင်းကြောင့် ကြေးနီစက်ရုံတစ်ရုံအား ပိတ်သိမ်းရန် တောင်းဆိုကြသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများကို မေ ၂၂ ရက်တွင် ရဲက ပစ်ခတ်၍ ၁၂ ဦး သေဆုံးကြောင်း ရဲတာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ပိုင်း တမီလ်နာဒူးပြည်နယ်တွင် ဆန္ဒပြသူများက နာရီများစွာ ဆူပူဆန့်ကျင်လျက် ဗြိတိန်အခြေစိုက် မိုင်းကုမ္ပဏီကြီးဖြစ်သော Vedanta Resources ပိုင် ကြေးနီစက်ရုံအား ပိတ်သိမ်းရေး တောင်းဆိုကြခြင်း ဖြစ်သည်။

“ရဲပစ်ခတ်မှုအတွင်းမှာ ၁၂ ဦး သေဆုံးတယ်လို့ အတည်ပြုနို်င်ပါတယ်။ သေဆုံးသူ ပိုများလာမှာ ကျွန်တော်တို့ စိုးရိမ်နေတယ်။”ဟု ပြည်နယ်၏ မြို့တော် ချန်နိုင်းမှ အဆိုပါ တာဝန်ရှိသူက အေအက်ဖ်ပီသို့ ပြောသည်။

အဆိုပါ ထိတွေ့မှုအတွင်း ဒဏ်ရာရသူများလည်း ရှိပြီး အရေအတွက် မသိရသေးကြောင်း ၎င်းက ဆိုသည်။

ချန်နိုင်းမြို့မှ ၃၇၅ မိုင်အကွာ တုတီကော်ရင်အရပ်တွင် ဖြစ်ပွားသော ယင်းထိပ်တိုက်တွေ့မှုအတွင်း ရဲ ၂၀ ခန့် ဒဏ်ရာရကြောင်း သိရသည်။

ထိုသို့ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ချက်ချင်းဆိုသကဲ့သို့ စိတ်ဆိုးဒေါသထွက်မှုများ ပေါ်ပေါက်ပြီး အတိုက်အခံ ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးလ်ဂန္ဓီက နိုင်ငံတော်က ကမကထပြုသည့် အကြမ်းဖက်မှုဟု ရှုတ်ချပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly