စက်သုံးဆီလုပ်ငန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွတ်တော်သို့ အကြံဉာဏ်တောင်းခံထားဟု ဆို

စက်သုံးဆီလုပ်ငန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွတ်တော်သို့ အကြံဉာဏ်တောင်းခံထားဟု ဆို

မေ ၂၃။ ။              ။ စက်သုံးဆီလုပ်ငန်းနှင့် ပတ်သက်ပြီး လိုအပ်ချက်များကို ရှင်းလင်းတင်ပြရန်နှင့် ပိုမိုကောင်းမွန်သည့် အကြံဉာဏ်များကို ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ ခွင့်ပြုချက် တောင်းထားကြောင်း မြန်မာနိုင်ငံစက်သုံးဆီဖြန့် ဖြူးရောင်းရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောသည်။

စက်သုံးဆီစျေးနှုန်းမြင့်တက်မှုနှင့် ပတ်သက်ပြီး မေလ ၂၂ ရက်က ကုန်သည်စက်မှုအသင်းချုပ်  UMFCCI၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"ရန်ကုန်တိုင်းဒေသကြီးလွတ်တော်ကို ခွင့်တောင်းထားပါတယ်။ စက်သုံးဆီလုပ်ငန်းနဲ့ပတ်သတ်ရင် ရှင်းလင်း တင်ပြခွင့်ပေးပါ။ ကျွန်တော်တို့အပေါ်မှာသိထားတဲ့ အချက်အလက်တွေပေါ်မှာ လိုအပ်တာတွေနဲ့ ပတ်သက်ပြီး ရှင်းပြချင်တယ်။ လွတ်တော်ကိုယ်စားလှယ်တွေကလည်း ကျွန်တော်တို့ကို ပိုမိုကောင်းမွန်တဲ့ အကြံဉာဏ်တွေ ပေးစရာရှိလည်း ပေးပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ စက်သုံးဆီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ လက်ဝါးကြီး အုပ်ထားခြင်း မရှိပါ ဘူး" ဟု ၄င်းက ပြောသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ စက်သုံးဆီအရောင်းဆိုင်ပေါင်း ၂၀၀၀ ကျော်ရှိနေပြီး စက်သုံးဆီစျေးနှုန်း တစ်လီတာလျှင် ကျပ် ၉၀၀ ကျော်သို့ စံချိန်တင်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

စက်သုံးဆီစျေးနှုန်းများကို လက်ဝါးချင်းရိုက်၍ ရောင်းချနေခြင်းမဟုတ်ဘဲ ပြိုင်ဆိုင်မှုပြင်းထန်ပြီး စျေးနှုန်း ယှဉ်ပြိုင်ရောင်းချရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီ ဖြန့်ဖြူးရောင်းရေးအသင်းမှ သိရသည်။

"စျေးနှုန်းတွေကလည်း လက်ဝါးခြင်းရိုက်ပြီး တစ်စျေးတည်းရောင်းနေတာလည်းမဟုတ်ပါဘူး။ စျေးတွေလည်း အပြိုင်အဆိုင်ရှိပါတယ်။ လက်ရှိလည်း ပြိုင်ဆိုင်ပြီး ရောင်းနေရတဲ့ စျေးကွက် ဖြစ်ပါတယ်" ဟု ဒေါက်တာဝင်းမြင့် က ဆိုသည်။

လက်ရှိ စက်သုံးဆီစျေးနှုန်းများသည် ဧပြီ ၂ ရက်မှ မေ ၁၇ ရက်အတွင်း တစ်လီတာလျှင် ၁၀၀ ကျပ် နီးပါး စျေးနှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စက်သုံးဆီစျေးနှုန်းများမှာ မေလ ၂၁ ရက်အထိ ဒီဇယ်တစ်လီတာလျှင် ၈၉၀/၉၀၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၉၀၅/၉၁၅ ကျပ်၊ အောက်တိန်း ၉၂ လျှင် ၈၅၅/၈၆၅ ကျပ်၊ အောက်တိန်း ၉၅ လျှင် ၈၉၅/၉၁၅ ကျပ် ပေါက်စျေး ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required