ကျောင်းအပ်နှံရာတွင် မိဘအုပ်ထိန်းသူနှင့် ပညာရေးဝန်ထမ်းများအတွက် ကြေညာချက်ထုတ်

ကျောင်းအပ်နှံရာတွင် မိဘအုပ်ထိန်းသူနှင့် ပညာရေးဝန်ထမ်းများအတွက် ကြေညာချက်ထုတ်

ရန်ကုန်၊ မေလ ၂၃ ရက် ။           ။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း ကျောင်းအပ်နှံရာတွင် ၅ နှစ်အရွယ်ကလေးအား သူငယ်တန်း၊ ၆ နှစ် အရွယ်ကလေးအား ပထမတန်းသို့ အပ်နှံပေးရန်အပြင် အခြားသောအချက်များပါ၀င်သည့် ကြေညာချက်ကို ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ကျောင်းအပ်နှံရာတွင် ကျောင်းသားဦးရေများပြားလာခြင်းနှင့် ကျောင်းသုံးပြဌာန်းစာအုပ်များကို လုံလောက်စွာဖြန့်ဝေပေးနိုင်ရန် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင် မိဘအုပ်ထိမ်းသူများအနေဖြင့် ကျောင်းအပ်နှံပေးရန် ပညာရေးဝန်ကြီးဌာနမှ မေတ္တာရပ်ခံထားသည်။

ယခု ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးရက် သီတင်းပတ်ကို မေလ ၂၅ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ သတ်မှတ်ပေးထားသည်။

"ပုံမှန်အတိုင်းဆိုရင် ၅နှစ်ပြည့်လို့ရှိရင် KG(သူငယ်တန်း) ပထမ စတက်တယ်။ ၅နှစ်ကနေပြီးသွားလို့ တစ်နှစ်ပြည့်သွားပြီဆိုရင် ၆၊ ရ ဆိုရင် ပထမတန်းကိုရောက်သွားပြီ။ ဒါပေမယ့် အိမ်ရဲ့အခြေအနေအရ ကလေးက ၅နှစ်ပြည့်ပြီးတဲ့အချိန်မှာ ကျောင်းလာမတက်ဖြစ်ခဲ့တဲ့အကြောင်း၊ အဆင်မပြေတဲ့ကြောင့်ဖြစ်ဖြစ် ၆နှစ်ပြည့်ပြီးသွားလို့ မိဘရဲ့ဆန္ဒအရ ပထမတန်းကိုတက်ချင်ပါတယ်ဆိုရင် ဆရာမကြီးတို့က ပထမတန်းက စပေးမှာပါ" ဟု အ.ထ.က (၄) ပုဇွန်တောင်မြို့နယ် ၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သိန်း က ပြောပြသည်။

မူလတန်း(KG) အဆင့်တွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ ကျောင်းသား၊ ကျောင်းသူများအားလုံး စာဖတ်တက်စေရန်၊ စာရေးတက်စေရန်၊ အခြေခံသချာင်္တွက်တက်စေရန်၊ အလေးအနက်ထားဆောင်ရွက်မည် ဖြစ်ပြီး ကျောင်းထွက်သူ လုံးဝမရှိစေရေးကို မိဘအုပ်ထိမ်းသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားသည်။

အခန်းဆုံးစစ်ဆေးခြင်းကို သက်ဆိုင်ရာအတန်းများအလိုက် ၂၀၁၈ ခုနှစ် ဇူလိုင်လ၊ ဒီဇင်ဘာလ၊ အောက်တိုဘာလ (နှစ်လယ်စစ်ဆေးခြင်း) နှင့် ဖေဖော်ဝါရီလ (နှစ်ဆုံးစစ်ဆေးခြင်း) ဟူ၍ ယခင်နှစ်များအတိုင်း ၄ ကြိမ် စစ်ဆေးသွားမည်ဖြစ်သည်။

မိဘအုပ်ထိန်းသူများအနေဖြင့် "ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမ၊ ၀န်ထမ်းများအား ပေးအပ်ခြင်းမပြုရန်" ဟု ၄င်းကြေငြာချက် ဒုတိယအပိုဒ်တွင် ဖော်ပြထားသည်။

ထို့အတူ ပညာရေးဝန်ထမ်းများအနေဖြင့်လည်း အခကြေးငွေ၊ လက်ဆောင်ပစ္စည်း ကောက်ခံခြင်း၊ လက်ခံခြင်း ပြုမပြုရန်နှင့် ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ်၊ ကျောင်းတံဆိပ် အပြင် မည်သည့်ပစ္စည်းမျှ ရောင်းချခြင်း မပြုရန် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required