၁၈ နှစ်ကြာ ငါးကန်အဖြစ်အသုံးပြုထားသည့်လယ်များကို မူလလယ်ပိုင်ရှင်တောင်သူများ ပြန်လည်ရရှိ

၁၈ နှစ်ကြာ ငါးကန်အဖြစ်အသုံးပြုထားသည့်လယ်များကို မူလလယ်ပိုင်ရှင်တောင်သူများ ပြန်လည်ရရှိ

မေလ ၂၃ ။              ။ မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ်၊ သဖန်းကုန်းကျးရွာအုပ်စုမှ လွန်ခဲ့သည့် ၁၈ နှစ်ခန့်ကစ၍ ငါးကန်အဖြစ် အသုံးပြုနေသော လယ်ဧက ၂၀အား မူလလယ်ပိုင်ရှင်များဖြစ်သည့် လင်းလည်အုပ်စု အောင်ချမ်းသာကျေးရွာနေ လယ်သမားများ လယ်မြေပြန်လည်လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း မြို့သစ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

အဆိုပါ လယ်မြေများ ငါးကန်ဖြစ်သွားရသည်မှာ လွန်ခဲ့သည့် ၁၈နှစ်ခန့်က သဖန်းကုန်းကျးရွာ လူသွားလမ်းဘောင် ဖောက်လုပ်ချိန်က မြေများကို လယ်မြေဘေးတွင် တင်ဖို့လိုက်၍ မိုးရွာရေအိုင်ပြီး တစတစဖြင့် လယ်မြေ ဧက ၂၀ လုံး ရေလွမ်းမိုးကာ ကန်ရေပြင်ကဲ့သို့ဖြစ်သွားခဲ့ကြောင်း၊ ကျေးရွာမှ ထပ်မံ စက်ယန္တရားများနှင့် လယ်မြေအား တူးဖော် ဘောင်တင်ပြီး သဖန်းကုန်းကျေးရွာ ဖွံဖြိုးရေးကန် အဖြစ် ပြုလုပ်ခဲ့ကြောင်း၊ ယင်းကျေးရွာ ရွာခွဲတာဝန်ခံ ဦးကျော်လွင်က ပြောသည်။

“ ဒီလယ်မြေတွေက ကျွန်မတို့ မိဘဘိုးဘွားပိုင် တောင်သူ ၁၀ ဦးရဲ့ လယ်မြေတွေပါ၊ မြို့နယ် မြေစာရင်းရုံးမှာလည်း ဦးပိုင်အမည်ပေါက်ပြီးသား လယ်မြေတွေဖြစ်ပါတယ်၊ စပါးအထွက်နှုန်းလည်း မညံ့တဲ့ လယ်မြေတွေဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ၁၈ နှစ်ခန့်က လူသွားလမ်းဘောင် ပြုလုပ်တာခံရပြီး ရေလွမ်းမိုးဒဏ်ခံရလို့ လယ်လုပ်ခွင့်မရရှိတော့ဘဲ သဖန်းကုန်းကျးရွာမှ တစတစ ငါးကန်အဖြစ် အသုံးပြုတာခံရပြီး လယ်လုပ်ခွင့် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်” ဟု လယ်မြေပိုင် လယ်လုပ်သူ ဒေါ်မြင့်မြင့်သန်းက ပြောသည်။

အောင်ချမ်းသာကျေးရွာ မူလလယ်ပိုင်ရှင်များက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ထံ ဖြစ်စဉ်နှင့်တစ်ကွ လယ်လုပ်ခွင့်ပြန်လည်ရရှိရေး အသနားခံ သွားရောက်တင်ပြ တောင်းဆိုခဲ့ရာ တိုင်းအစိုးရအဖွဲ့မှလည်း မူလလယ်ပိုင်ရှင် တောင်သူများအား ပြန်လည်လုပ်ပိုင်ခွင့် ပေးသင့်ဟု ညွှန်ကြားခဲ့ကြောင်း၊ မြို့သစ်မြို့နယ်လယ်ဆယ်အဖွဲ့မှလည်း ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့တွင် မူလပိုင်ရှင် တောင်သူများအား ပြန်လည်လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း သိရသည်။

မူလလယ်ပိုင်ရှင်တောင်သူများအား အဆိုပါ ငါးကန်ပြုလုပ်ထားသည့် လယ်မြေများအား လယ်ယာမြေ လုပ်ကိုင်ခွင့် ခွင့်ပြုလက်မှတ် ပုံစံ(၁) ထုတ်ပေးနိုင်ရေး၊ ရပ်/ကျေးလယ်/စီ မှတစ်ဆင့် ပုံစံ(၁) လျောက်ထားရန်နှင့် မိမိတို့မြို့နယ်မှလည်း အမြန်ဆုံး ပုံစံ(၁) ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့သစ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦစီးဌာန ဦးစီးမှူး ဦးကျော်လွင် ထံက  သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required