ရခိုင်မှာ ARSA အဖွဲ့ရဲ့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အစီရင်ခံစာ Amnesty International ထုတ်ပြန်

ရခိုင်မှာ ARSA အဖွဲ့ရဲ့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အစီရင်ခံစာ Amnesty International ထုတ်ပြန်

 

မေ ၂၃ ။                 ။ ARSA ခေါ် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လအတွင်း ရခိုင်ပြည်နယ်မှာ ဟိန္ဒူ မွတ်ဆလင် အရပ်သား ၉၉ ယောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားခဲ့ပြီး ယင်းနဲ့ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ရရှိထားကြောင်း Amnesty International လူ့အခွင့်အရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်းက အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး နောက် Amnesty International အဖွဲ့က မေလ ၂၂ ရက်မှာပဲ အဆိုပါ ARSA အဖွဲ့ရဲ့ ဥပဒေမဲ့သတ်ဖြတ်မှု တွေ၊ ဟိန္ဒူရွာသားတွေကို ပြန်ပေးဆွဲခေါ်ဆောင်သွားမှုတွေကို ဖော်ထုတ်လိုက်တာဖြစ်ပါတယ်။

ယင်းအပြင် Amnesty International အဖွဲ့ဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်မှာ လုပ်ဆောင်ခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့ တွေ့ဆုံမေးမြန်းမှုတွေအပြင် မှုခင်းဆေးပညာရှင်တွေ အကဲဖြတ် စစ်ဆေးပေးထားတဲ့ ဓာတ်ပုံအထောက်အထား သက်သေတွေအပေါ် အခြေခံပြီး ARSA အဖွဲ့ရဲ့ ရက်စက်တဲ့ တိုက်ခိုက်မှုတွေ၊ ပြည်နယ်မှာ ဟိန္ဒူတွေနဲ့ အခြား တိုင်းရင်းသား အစုအဖွဲ့တွေအကြား အကြောက်တရားတွေ ဖြစ်ပေါ်လာအောင် ဘယ်လိုမျိုး ကြံစည်လုပ်ဆောင်ခဲ့သလဲ ဆိုတာကို ထုတ်ဖော်သွားပါတယ်။

" ကျွန်တော်တို့ရဲ့ အခုနောက်ဆုံး မြေပြင် စုံစမ်းစစ်ဆေးမှုတွေကတော့ ဒီ ရခိုင်မြောက်ခြမ်းမှာ  ဖော်ထုတ် သိရှိနိုင်သေးခြင်း မရှိတဲ့ ARSA ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မီးမောင်းထိုးပြနိုင်လိုက်ပါပြီ" ဆိုပြီး Amnesty International က Crisis Response ဒါရိုက်တာ Tirana Hassan က ပြောပါတယ်။

မျက်နှာဖုံးစွပ် ARSA အဖွဲ့ဝင်တွေဟာ ယမန်နှစ် သြဂုတ် ၂၅ ရက်က ရခိုင်မြောက်ခြမ်း စစ်စခန်းတစ်ခုနဲ့ လုံခြံုရေးရဲကင်းစခန်း ၃၀ ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုတွေလုပ်ခဲ့ပြီးတဲ့နောက်မှာ ခမောင်းဆိပ် အမည်ရ ကျေးရွာတစ်ခုအနီးမှာ ဟိန္ဒူ အမြောက်အမြား (အမျိုးသား၊ အမျိုးသမီး၊ ကလေးများ) ကို ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ Amnesty International က ပြောပါတယ်။

ယခု ကိစ္စနဲ့ပတ်သက်လို့ မျက်မြင်ကြံုတွေ့ခဲ့ရတဲ့ သက်သေအထောက်အထားတွေရဲ့ ဖွင့်ဟချက်တွေ ရရှိထား ကြောင်း၊ သက်သေထွက်ဆိုသူတွေထဲမှာ ပါ၀င်တဲ့ ဟိန္ဒူ အမျိုးသမီး ရှစ်ဦး ဆိုရင်လည်း ၎င်းတို့ကို ARSA အဖွဲ့ က ပြန်ပေးဆွဲခေါ်သွားပြီး အစ္စလမ်ဘာသာတို့ အတင်းအကျပ် ကူးပြောင်းခိုင်းခဲ့ကြောင်း ပြန်လည်ပြောကြား ခဲ့တယ်လို့ Amnesty International က ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required