ဟွန်ဒူးရပ်စ်မှာ လေယာဉ်ပျက်ကျပေမယ့် လိုက်ပါလာသူအားလုံး အသက်ဘေးက လွတ်မြောက်

ဟွန်ဒူးရပ်စ်မှာ လေယာဉ်ပျက်ကျပေမယ့် လိုက်ပါလာသူအားလုံး အသက်ဘေးက လွတ်မြောက်

မေ ၂၃ ။            ။ အမေရိကန်ကနေ ထွက်ခွာပျံသန်းလာခဲ့သည့် လေယာဉ်တစ်စင်း ဟွန်ဒူးရပ်စ်နိုင်ငံ မြို့တော် လေဆိပ်သို့ ဆင်းသက်ရန် ပြင်ဆင်စဉ် ပျက်ကျသွားခဲ့ပြီး ကိုယ်ထည် နှစ်ပိုင်း ကျိုးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု မေလ ၂၂ ရက်က ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် အဆိုပါ ပုဂ္ဂလိကပိုင်လေယာဉ်ပျက်ကျမှုတွင် လေယာဉ်အမှုထမ်းများရော ခရီးသည်များအားလုံးအပါအဝင် လိုက်ပါလာသူအားလုံး အသက်ရှင် လွတ်မြောက်ခဲ့ကြသည်။ အမေရိကန်နိုင်ငံသား ခြောက်ဦးသာ ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

အဆိုပါလေယာဉ်မှာ တက္ကဆက်ပြည်နယ် အော်စတင်မြို့မှ ထွက်ခွာပျံသန်းလာခဲ့ခြင်း ဖြစ်ပြီး ဟွန်ဒူးရပ်စ် နိုင်ငံတကာလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်း အဆုံးပိုင်းနားတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဟွန်ဒူးရပ်စ် သဘာဝဘေးကယ်ဆယ်ရေးအေဂျင်စီ ဒုတိယအကြီးအကဲ ကားလို့စ် ကော်ဒီရိုက ပြောသည်။

မြို့တော် တီဂူစီဂါလ်ပါ ရှိ တွန်ကွန်တင် လေဆိပ်သို့ မီးသတ်သမားများ ရောက်လာပြီး လေယာဉ်အပျက်အစီးများမှ ထွက်လာခဲ့သည့် မီးတောက်များကို ငြိှမ်းသတ်ပေးခဲ့ရသည်။

ယင်းအပြင် လေယာဉ်တွင်းမှ အမျိုးသား ငါးဦး နှင့် အမျိုးသမီး တစ်ဦးကို ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ပက်ဒရို အက်တလာက ပြောသည်။

" မယုံနိုင်စရာအောင်ပါပဲဗျာ၊ ဒီ မတော်တဆမှုက အရမ်းကြီး မဆိုးခဲ့ပါဘူး" ဆိုပြီး ၎င်းက ပြောသွားသည်။

ယင်းဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ အားလုံးသည်လည်း ယခုအခါ အခြေအနေ တည်ငြိမ်နေပြီဖြစ်ကြောင်း သမ္မတ ဟွမ် အော်လန်ဒို ဟာနန်ဒက်ဇ်က တွစ်တာကနေတဆင့် ပြောကြားသွားသည်။

တောင်ကုန်းများ ၀န်းရံနေခြင်း၊ လေယာဉ်ပြေးလမ်း တိုတောင်းလွန်းခြင်း တို့ကြောင့် အဆိုပါ တွန်ကွန်တင်လေဆိပ်မှာ ကမ္ဘာပေါ်က အန္တရာယ်အများဆုံး လေဆိပ်တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required