ချန်ပီယံလိဂ်ဖလားကို အရယူမယ်လို့ ပြောဆိုလိုက်တဲ့ ဇီဒန်း

ချန်ပီယံလိဂ်ဖလားကို အရယူမယ်လို့ ပြောဆိုလိုက်တဲ့ ဇီဒန်း

 

မေ ၂၃၊ မက်ဒရစ်။                              ။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးလေးနှစ်အတွင်းမှာ သုံးကြိမ်ရထားပေမယ့် ဒီတစ်ကြိမ်မှာလည်း ခါတိုင်းထက်ပိုပြီး ရယူလိုစိတ်ပြင်းပြနေတယ်လို့ နည်းပြဇီဒန်းက ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြန်လည်တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းကတော့ သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ စိတ်အားတက်ကြွမှုနည်းပါးနေတယ်လို့ ဘယ်သူမှပြောလို့မရပါဘူး။ ပြိုင်ဘက်ကိုတော့ မပြောတတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်ကတော့ အမြဲတသမတ်တည်းဖြစ်နေတယ်။ အရင်ကလောက် စိတ်အားမတက်ကြွဘူးလို့ ဘယ်သူမှ ပြောလို့မရဘူး။

ကျွန်တော်တို့က မက်ဒရစ်တွေဖြစ်ကြပြီး ဘာတွေကိုပိုင်ဆိုင်ထားပါစေ၊ ထပ်ထပ်လိုချင်တယ်။ ပိုကောင်းဖို့လည်း အစွမ်းကုန် ကြိုးစားသွားမှာ” လို့ ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောပါတယ်။

ချန်ပီယံလိဂ်အတွေ့အကြံုမှာလည်း တစ်ယောက်မှချန်ပီယံလိဂ်ဗိုလ်လုပွဲမကစားဖူးတဲ့ လီဗာပူးလ်အသင်းထက် ရီးယဲလ်မက်ဒရစ် အသင်းသားတွေက ပိုမိုသာလွန်နေပါတယ်။

ချန်ပီယံလိဂ်ဖလားကို ကစားသမားဘဝနဲ့ နည်းပြဘဝ နှစ်ခုပေါင်း သုံးကြိမ်ထိရထားတဲ့ ဇီဒန်းအနေနဲ့လည်း နောက်တစ်ကြိမ် ထပ်မံရယူဖို့ အခွင့်အရေးဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့အားအထားရဆုံးတိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် အထူးခြေစွမ်းပြ နေတဲ့ ဆာလာတို့ရဲ့ အားပြိုင်မှုကိုလည်း မြင်တွေ့ရဦးမှာပါ။

ဗိုလ်လုပွဲကိုတော့ ယူကရိန်းနိုင်ငံ ကိဗ်မြို့က အိုလံပစ်အားကစားကွင်းမှာ မေ ၂၇ ရက် မြန်မာစံတော်ချိန် မနက် ၁း၁၅ နာရီမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Ref; AFP

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly