စက်သုံးဆီစျေးသည် ပုံမှန်စျေးသာဖြစ်ပြီး အရှုံးခံရောင်းချနေခြင်းဟု ဆို

စက်သုံးဆီစျေးသည် ပုံမှန်စျေးသာဖြစ်ပြီး အရှုံးခံရောင်းချနေခြင်းဟု ဆို

မေ ၂၂ ။             ။ လက်ရှိစက်သုံးဆီစျေးများသည် ပုံမှန်စျေးသာဖြစ်ပြီး အရှုံးခံရောင်းချနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီဖြန့်ဖြူး ရောင်းချသူများအသင်းမှ မေလ ၂၂ ရက်နေ့တွင် ပြောဆိုလိုက်သည်။

"ကြိုးစားပြီးတော့ စျေးကိုမတက်ဘဲနဲ့ရောင်းကြည့်မယ်။ ပြန်ဝယ်တဲ့အခါမှ ပြန်ဝယ်တဲ့ရက်မှာ စျေးလေးများ ပြန်ကျမလား ဆိုတဲ့မျှော်လင့်ချက်နဲ့ ကိုယ့်မှာရှိတဲ့ဆီလေးနဲ့ တောင့်ခံပြီးတော့   ရောင်းနေတဲ့အပိုင်း ဖြစ်ပါတယ်။ အဲဒီတော့ အနုတ် ၅ ဒဿမ ၄၅ % အရှုံးပြပြီးရောင်းနေတယ်ဆိုတာ ကျွန်တော့်အနေနဲ့တင်ပြလိုပါတယ်။ ဒါဆိုရင်တော့ ဒီနေ့ကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့စက်သုံးဆီစျေးသည် ယနေ့ဖြစ်ပေါ်နေတဲ့စျေးနဲ့ မများသောစျေး၊ နည်းတောင်နည်းတဲ့စျေးနဲ့ ရောင်းချနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အချို့ဝေဖန်သူတွေ ပြောသလို လက်ဝါးချင်းရိုက်ပြီး အမြတ်ကြီးယူနေတာမဟုတ်ပါဘူးလို့ တင်ပြချင်ပါတယ်" ဟု မြန်မာနိုင်ငံ စက်သုံးဆီ ဖြန့်ဖြူးရောင်းချသူများအသင်း အတွင်​း​ရေးမှူး ​ဒေါက်​တာဝင်​းမြင်​့ က ပြောသည်။

စက်သုံးဆီစျေးနှင့်ပတ်သက်ပြီး မေလ ၂၂ ရက်က UMFCCI ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် စက်သုံးဆီစျေးနှုန်းများမှာ မေလ ၂၁ ရက်အထိ ဒီဇယ် တစ်လီတာလျှင် ၈၉၀/၉၀၀ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၉၀၅/၉၁၅ ကျပ်၊ အောက်တိန်း ၉၂ လျှင် ၈၅၅/၈၆၅ ကျပ်၊ အောက်တိန်း ၉၅ လျှင် ၈၉၅/၉၁၅ ကျပ်ပေါက်စျေး ရှိနေသည်။

စက်သုံးဆီသည် ဇန်နဝါရီလပိုင်းအထိ ၈၀၀ ကျပ် ကျော်အထိ ရှိရာမှ မေလနှောင်းပိုင်းတွင် ၉၀၀ ကျပ်ကျော်သို့ စံချိန်တင်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စက်သုံးဆီစျေးတက်မှုကြောင့် အငှားယာဉ်မောင်းအများစုက တွက်ခြေမကိုက်ကြကြောင်း ပြောသည်။

"စက်သုံးဆီတက်သွားတဲ့အခါ ဆီနည်းသွားတဲ့အခါ သိပ်ဆွဲရတာ မောင်းလို့မရဘူးပေါ့နော်။ နည်းသွားတော့ ပိုက်ဆံရှာရတာ အဆင်မပြေဘူးပေါ့။ အရင်က တစ်သောင်းနဲ့လောက်တယ်။ အခုကတစ်သောင်းခွဲဖိုးလောက် ရှိတယ် ဆီထည့်ရတာ။ အဲဒီတော့သိပ်အဆင်မပြေဘူး။ အုံနာကြေးကတစ်သောင်း။ ဆီကြေးက တစ်သောင်းခွဲ ဆိုတော့ နှစ်သောင်းခွဲလောက်ပဲ။ အရင်က နှစ်သောင်းဆို မိသားစုအတွက် ထပ်ရှာလို့ရတယ်။ အခုက နှစ်သောင်းခွဲလောက်ရှာပြီး ပိုမှ မိသားစုအတွက်ရှာဆိုတော့ အဆင်မပြေဘူးပေါ့" အငှားယာဉ်မောင်း ကိုဇော်လင်းက ပြောသည်။

ပြည်ပစက်သုံးဆီစျေးသည်သည် အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန် ၈၉ ဒေါ်လာကျော်၊ အောက် တိန်း ၉၅တစ်စည်လျှင် ၉၁ ဒေါ်လာကျော်၊ ဒီဇယ်တစ်စည်လျှင် ၉၂ ဒေါ်လာကျော်၊ ပရီမီယံ ဒီဇယ်တစ်စည်လျှင် ၉၃ ဒေါ်လာကျော် ပေါက်စျေး ရှိနေသည်။

"ကားဆွဲတော့ပါးသွားတာပေါ့။ စီးတဲ့စျေးနူန်းကတက်လာတာမှမဟုတ်တာ ပုံမှန်စျေးဘဲ။ ကျွန်တော်တို့ကြတော့ Grab နဲ့ဆွဲတာဆိုတော့ ပုံသေစျေးနဲ့ တစ်ခါတစ်လေကျတော့ အပြင်စျေးရရင်လိုက်တယ် မရရင်မလိုက်ဘူးပေါ့။ အဲဒီလိုမျိုး" ဟု အငှားယာဉ်မောင်း ကိုဘိုထွန်းက ပြောသည်။

နိုင်ငံတကာစက်သုံးဆီစျေးနူန်းကို ဖော်ပြထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုတွင် အာဆီယံနိုင်ငံများအနက်  မြန်မာ နိုင်ငံ၏ စက်သုံးဆီစျေးနူန်းမှာ  ဒုတိယအနည်းဆုံးဖြစ်နေသည်ကိုတွေ့ရှိရပြီး အခုလက်ရှိ စက်ဆီစျေးနူန်း ကို လက်ခံပေးဖို့လိုကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ ဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူးက  မေလ ၂၂ ရက်က ပြုလုပ်သော ရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly