နည်းပညာကျွမ်းကျင်သူတင်သွင်းသော စာရွက်စာတမ်းများနှင့် ပတ်သက်ပြီး အပြည့်အဝ ခုခံသွားမည်ဟု ရိုက်တာသတင်းထောက်ပြော

နည်းပညာကျွမ်းကျင်သူတင်သွင်းသော စာရွက်စာတမ်းများနှင့် ပတ်သက်ပြီး အပြည့်အဝ ခုခံသွားမည်ဟု ရိုက်တာသတင်းထောက်ပြော
ဓာတ်ပုံ-EPA/LYNN BO BO

ရန်ကုန်၊ မေလ ၂၂ ။          ။ ရိုက်တာသတင်းထောက်နှစ်ဦးထံမှ သိမ်းဆည်းထားသော လက်ကိုင်ဖုန်းများမှ တွေ့ရှိသည်ဟုဆိုကာ သက်သေအဖြစ် တင်သွင်းလာသော စာရွက်စာတမ်းများနှင့် ပတ်သက်ပြီး အပြည့်အဝခုခံသွားမည်ဖြစ်ကြောင်း ရိုက်တာ သတင်းထောက်ကိုဝလုံးက တရားခွင်မှအထွက်တွင် ပြောသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ရိုက်တာသတင်းထောက်နှစ်ဦးကို ယနေ့ မေလ ၂၂ ရက်တွင် အကြိမ် ၂ဝ မြောက် ရုံးထုတ်ခဲ့ပြီး နေပြည်တော် နည်းပညာမှုခင်းဌာန၊ ရဲမှုခင်းတပ်ဖွဲ့မှ ရဲမှူး အောင်ကျော်ဆန်းကို ဆက်လက် စစ်ဆေးခဲ့သည်။

ရဲမှူးအောင်ကျော်ဆန်းက အဆိုပါ အချက်အလက်များနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင် ရုံးတော်တွင် လာရောက်ထွက်ဆိုခဲ့ပြီး ရိုက်တာသတင်းထောက်နှစ်ဦးထံမှ သိမ်းဆည်းထားသော လက်ကိုင်ဖုန်း မှ တွေ့ရှိသည့်အချက်အလက်များဟုဆိုကာ စာရွက် ၂၁ ရွက်ကို ရုံးတော်တွင် သက်သေခံ အဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သက်သေခံအဖြစ်တင်သွင်းထားသော အချက်အလက်များအား ယနေ့ ရုံးချိန်းတွင် လက်ကိုင်ဖုန်း အတွင်းရှိ အချက်အလက်များနှင့် တရားရုံးရှေ့တွင် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ရုံးတော်က သက်သေခံအဖြစ် လက်ခံခဲ့သည်။

“ ကျွန်တော်တို့ သတင်းသမားတွေက သတင်းသမားအလုပ် သတင်းသမားလုပ်တာဖြစ်ပါတယ်။ ဒါပေမယ့်လို့ အခု ဒီရုံးတော်ကို တင်ပြလာတဲ့အခါမှာ ကျွန်တော်တို့ရလာတဲ့ အချက်အလက်တွေဟာ အစိုးရစီမံကိန်းနဲ့ ဆိုင်တဲ့ကိစ္စတွေ၊ ဥပမာ မာန်အောင်ကျွန်းစီမံကိန်းလိုမျိုးကိစ္စတွေ၊ NVC ကဒ်ထုတ်ပေးတဲ့ကိစ္စတွေ ဒါတွေကို လျှို့ဝှက်ပုံစံမျိုးနဲ့ တရားရုံးတော်ကို တင်သွင်းလာတာပေါ့။ ပြောချင်တာက အစိုးရက သတင်းသမားတွေကို အစိုးရထုတ်ပြန်မယ့် သတင်းအချက်အလက်တွေ ဘယ်သတင်းအချက်အလက်ကိုမှ မထိနဲ့။ ဒါက မင်းတို့ လျှို့ဝှက်ချက်ဥပဒေနဲ့ ငြိတယ်ဆိုတဲ့ဟာမျိုး နောက်သတင်းမယူရဲအောင် မက်ဆေ့ပေးချင်တဲ့ သဘောမျိုးနဲ့ ဒီနေ့လုပ်လာတယ်လို့ ကျွန်တော်တို့ နားလည်တယ်။ အဲ့ဒီတော့ ကျွန်တော်တို့အနေနဲ့ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အပြည့်အဝခုခံသွားမယ်။ ဒီစာရွက်စာတမ်းတွေက ကျွန်တော်တို့ကိုယ်တိုင် ဖန်တီးထား တဲ့ဟာ မဟုတ်ဘူး”ဟု ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးက တရားခွင်မှ အထွက်တွင် ပြောသည်။

ထိုသို့ ရဲမှူးအောင်ကျော်ဆန်း တင်သွင်းခဲ့သော အချက်အလက်များထဲတွင် အင်းဒင်ကျေးရွာလူသတ်မှုနှင့် စပ်ဆိုင်သည့် အချက်အလက်များ ပါဝင်ခြင်းမရှိသည့် အပြင် အချို့အချက်အလက်များမှာ ရိုက်တာသတင်း ထောက်နှစ်ဦး လုံးဝမသိရှိသည့် အချက်အလက်များပါ ပါဝင်နေကြောင်း သိရသည်။

သတင်းထောက်နှစ်ဦး မသိရှိသည့် အချက်အလက်များမှာ Facebook Messenger များမှတဆင့် ဝင်ရောက်နေ သည့် အချက်အလက် များဖြစ်နိုင်ကြောင်း ရိုက်တာသတင်းထောက်နှစ်ဦး ပြောပြချက်အရ သိရသည်။

ရုံးတော်တွင် သက်သေခံအဖြစ် တင်သွင်းခဲ့သော အချက်အလက်များမှာလည်း ဒုတိယသမ္မတခရီးစဉ် အကြောင်းအရာအချို့၊ ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံခရီးစဉ်ဆိုင်ရာ လုံခြံုရေးအစီအမံကိစ္စ ၊ ဒုရဲမှူး ဦးမိုးရန်နိုင် ရဲအုပ်မှ ဒုရဲမှူးအဖြစ် ရာထူးတိုးခဲ့သော စာရွက်စာတမ်းများ၊ ရခိုင်ပြည်နယ်လွှတ်တော်သို့ မာန်အောင်ကျွန်း ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များပါ အကြောင်းအရာအချို့ စသည့်တို့ကို ဓာတ်ပုံအဖြစ် ဖုန်းထဲ တွင် တွေ့ရှိခဲ့ရသည့် အချက်အလက်များဖြစ်ကြောင်း သိရသည်။

“ အန္တရာယ်ရှိသလားဆိုတော့ အခုဘာပဲပြောပြော ဒီ Messenger တွေ Facebook တွေထဲကဟာတွေကိုပဲ ရုံးမှာ သက်သေခံအဖြစ်တင်သွင်းထားပြီးပေါ့နော်။ အဲ့ဒီတော့ ဒီဟာက ဘာရည်ရွယ်ချက်နဲ့တင်သွင်းသလဲ။ အမှန်တကယ်တော့ အမှုစဖြစ်တာသည် စာရွက်စာတမ်းတွေပေးပါတယ်ဆိုပြီးတော့ လက်ထဲမှာ တွေ့ပါတယ် ဆိုပြီးတော့ ဒီအမှုကို စတည်တာ။ ဒီစာရွက်စာတမ်းတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေက ပျောက်သွားတဲ့အချိန်မှာ ဒီလိုမျိုး ဖုန်းထဲက တွေ့ပါတယ်ဆိုပြီး အထောက်အထားတွေ၊ တချို့အထောက်အထားတွေက အထူးလျှို့ဝှက်၊ ထိပ်တန်းလျှို့ဝှက်ဆိုတဲ့စကားလုံးတွေ သုံးပြီးတော့ တင်တာပေါ့နော်။ အဲ့ဒီတော့ ဒီဟာက ဘာပဲပြောပြော Messenger နဲ့ Facebook ကလာတယ်ဆိုပေမယ့် သတင်းသမားတွေ အတွက် စိုးရိမ်စရာတွေတော့ ရှိတာပေါ့ ”ဟု ရိုက်တာသတင်းထောက်နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင် က တရားခွင်မှ အထွက်တွင်ပြောသည်။

မြန်မာနိုင်ငံအခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့နှစ်ဦးကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညပိုင်းက မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီးအတိုင်း လမ်းလျှောက် လာစဉ် ရဲတပ်ဖွဲ့မှ စစ်ဆေးရှာဖွေခဲ့ရာ ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြံုရေးစာရွက်စာတမ်း အထောက်အထားများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးပြီးနောက်သတင်းထောက်နှစ်ဦးကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းတွင် (ပ)၁၂၉၈/ ၂ဝ၁၇၊ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ) ဖြင့် အမှုဖွင့်တရားစွဲခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရာကြီးအမှုအမှတ်- ၄/ ၂ဝ၁၈ ဖြင့် အမှုစွဲတင်စစ်ဆေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ)မှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်ထိပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly