အာဖဂန်တောင်ပိုင်းတွင် ဗုံးစနစ်တံဖြုတ်နေစဉ် ပေါက်ကွဲမှုဖြစ်၍ လူ ၁၆ ဦး သေဆုံးကာ ၃၈ ဦး ဒဏ်ရာရ

အာဖဂန်တောင်ပိုင်းတွင် ဗုံးစနစ်တံဖြုတ်နေစဉ် ပေါက်ကွဲမှုဖြစ်၍ လူ ၁၆ ဦး သေဆုံးကာ ၃၈ ဦး ဒဏ်ရာရ

ကဘူးလ်၊ မေ ၂၂ ။           ။ အာဖဂန်နစ္စတန်တောင်ပိုင်းတွင် ဗင်ကားတစ်စီးပေါ်တွင် ဖောက်ခွဲ၍ ပစ္စည်းများ တင်ဆောင်ထားသည်ကို တွေ့ရှိ၍ လုံခြံုရေးတပ်ဖွဲ့ဝင်များက စနစ်တံဖြုတ်ရန် လုပ်ဆောင်နေစဉ် ပေါက်ကွဲရာ လူပေါင်း ၁၆ ဦး အနည်းဆုံးသေဆုံးပြီး ၃၈ ဦး ဒဏ်ရာရကြောင်း တာဝန်ရှိသူများက ပြောသည်။

ကန်ဒါဟာမြို့တွင် ဘတ်စ်ကားမှတ်တိုင်အား လုံခြံုရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းပြီးချိန် အဆိုပါ ဗင်ကားကို တွေ့ရှိခြင်းဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးမှ ပြောခွင့်ရသူ အက်မာဒီက ဆိုသည်။

“ဗင်ကားပေါ်က ဖောက်ခွဲရေးပစ္စည်းတွေကို လုံခြံုရေးတပ်ဖွဲ့က ရှင်းလင်းနေတာပါ။ ဒီအချိန် ပေါက်ကွဲတာပဲ ဖြစ်ပါတယ်။”ဟု ရဲဌာ ပြောခွင့်ရသူ မိုဟာမတ်အဇက်ကလည်း ပြောသည်။

“နောက်ဆုံးရ စာရင်းအရတော့ သေဆုံးသူဟာ ၁၆ ဦး ရှိပါတယ်။ ဒဏ်ရာရသူ ၃၈ ဦးကို ဆေးရုံပို့ထားပါတယ်။ အခင်းဖြစ်ရာမှာ အရေးပေါ်ကား နှစ်စီး ထားထားဆဲပါ။ အပျက်အစီးတွေအောက် လူတွေ ရှိနေနိုင်သေးတာကြောင့်ပါ။”ဟု ကန်ဒါဟာရှိ မီဝါအစ်ဆေးရုံအုပ် ဒေါက်တာ ဘာရတ်က ပြောသည်။

သေဆုံးသူများတွင် လုံခြံုရေးအဖွဲ့ဝင် လေးဦးပါဝင်ကြောင်း အက်မာဒီက ပြောသည်။ ကလေးငါးဦးနှင့် လုံခြံုရေးတပ်ဖွဲ့ဝင် ဆယ်ဦး ဒဏ်ရာရသူများတွင် ပါဝင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly