တေးသံရှင် မေဆွိနှင့် တွေ့ဆုံခြင်း

တေးသံရှင် မေဆွိနှင့် တွေ့ဆုံခြင်း

“မိန်းမနဲ့ယောက်ျားနဲ့က တန်းတူအလုပ်လုပ်ခွင့် ရှိလာတဲ့အခါမှာ မိန်းမတွေရတဲ့ အခွင့်အရေးဟာ ယောက်ျားတွေ ရသလို ဖြစ်ကို ဖြစ်ရမယ်”

အမေရိကန်နိုင်ငံတွင် နှစ်အတန်ကြာ နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာခဲ့သူ၊ ထူးခြားသည့် အသံဖြင့် သီချင်းအေးအေးလေးများ သီဆိုလေ့ရှိပြီး  ပရိသတ်အခိုင်အမာ ရရှိထားသူ တေးသံရှင် မေဆွိကို မဇ္ဈိမက တွေ့ဆုံခဲ့ပြီး လက်ရှိအနုပညာ လှုပ်ရှားမှုများ၊ အောင်မြင်မှုရသည့် အမျိုးသမီး အဆိုတော်တစ်ဦး၏ ဆောင်ရွက်ချက်များ ၊ အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်သည်များ ကိုမေးမြန်းခဲ့ ပြီးကောက်နှုတ်ဖော်ပြပေးထားပါသည်။ ခိုင်မွန်ချို မေးမြန်းသည်။

လက်ရှိမှာ ဘာတွေလုပ်ဖြစ်နေလဲ အနုပညာလှုပ်ရှားမှုတွေပေါ့။

ပြန်လာတဲ့အချိန်ကတော့ အစ်မအနေနဲ့က organized လုပ်တဲ့အနေနဲ့ ပွဲလေးတွေ စီစဉ်ဖြစ်တယ်။ ပထမဦးဆုံး အကြိမ်ပြန်လာဖြစ်တဲ့ အချိန်တုန်းကပေါ့။ အမျိုးသမီးတွေ လုပ်တဲ့ပွဲမျိုးတို့၊  အဲလိုလေး တွေ အစ်မစီစဉ် ဖြစ်တယ်။ ခုနောက်ပိုင်း အစ်မအနေနဲ့က အိပ်မက်ဆုံရာမှာ Judge (ဒိုင်) အနေနဲ့ လုပ်ဖြစ်တယ်။ ဒါလေးတွေက အစ်မ အနုပညာအလုပ်ပေါ့လေ။  တစ်ခါတစ်ခါကျရင် မမက ခရီးတွေသွားပြီးတော့ မင်္ဂလာဆောင်တွေမှာ ပွဲထုတ်ပေးရတယ်။ အလှူတွေမှာ ပွဲထုတ်ပေးရတယ်။  စီးရီးသွင်းဖြစ်တာတို့ ခရီးသွားဖြစ်တာတို့ ပိုများတယ်။

နောက်ပိုင်းမှာ ဒီခေတ်ရဲ့သဘောသဘာဝက အဆိုပြိုင်ပွဲတွေလည်း အများကြီး ပေါ်လာပြီ။ အဆို ဝါသနာရှင် တွေလည်း များလာကြတယ်။ အစ်မအနေနဲ့ ဘယ်လိုမြင်လဲ။

အရင်တုန်းက မမတို့ခေတ်မှာတုန်းက ကိုယ့်ဟာကိုယ် ကြိုးစားမှုနဲ့ လမ်းထွင်ပြီး လျှောက်ရတယ် အခုခေတ်မှာ ကျတော့ လမ်းက သူ့ဟာသူရှိနေပြီ။ အဲတော့လမ်းပေါ်မှာကိုယ်က ပညာရှိရှိနဲ့ကောင်းကောင်း မွန်မွန် လျှောက်လှမ်းနိုင်ရမယ်။ ပြီးတော့ ခင်းထားတဲ့လမ်းပေါ်မှာ ကိုယ်ဟာ ဘယ်လောက်ကြိုးစားမှုနဲ့ လျှောက်မလဲ ဆိုတာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ ဆိုင်တာပေါ့လေ။

အစ်မဆိုရင် အနုပညာလောကမှာ ဂီတလောကမှာ ကျင်လည်ခဲ့တာ အနှစ် ၄၀ ကျော်ပြီ။ ဒီလောက် ကာလ ကြာရှည်အောင် ထိန်းသိမ်းထားနိုင်တဲ့ သော့ချက်က ဘာလို့ မြင်လဲ အစ်မ။

အမှန်မှာကတော့ အစ်မအနေနဲ့ကလေ ဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မိဘကို ဦးထိပ်မှာ ထားပြီး လုပ်ခဲ့တဲ့ကျေးဇူးလို့ အစ်မ ထင်ပါတယ်။ နောက်တစ်ခုက အစ်မဟာ အနုပညာသည် တစ်ယောက်ဖြစ်ပေမဲ့ ပရိသတ်တွေနဲ့ တသားတည်း ဖြစ်အောင်နေတတ်တယ်။ တကယ်တမ်းက အဲဒါ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေက ကိုယ့်ကိုချစ်လို့ ပြောလာ တယ်၊ ကောင်းသည် ဆိုးသည်ပေါ့၊ ဒါလေးတွေကို ကိုယ်က ခံနိုင်ရည်လည်း ရှိရမယ်။ … နောက်တစ်ခုက ကိုယ့်ကို အမြဲတမ်း ချစ်ခင်ပြီးတော့ တကယ်တမ်း ပြောရမယ်ဆိုလို့ရှိရင်တော့ ထမင်းရှင်ပေါ့ကွာ။ အဲလိုလူမျိုးတွေကို ဘယ်တော့မှ မစော်ကားသင့်ဘူး။ … နောက်တစ်ခုက အချိန်တိကျဖို့လည်း အရမ်းအရေးကြီးတယ်။

အစ်မက ငယ်ငယ်တုန်းက သရုပ်ဆောင်အနေနဲ့လည်း တော်တော်လေး အောင်မြင်ခဲ့တယ်။ လက်ရှိကော ပြန်ပြီးတော့ ရိုက်ဖို့ အစီအစဉ် မရှိဘူးလား။

အစ်မငယ်ငယ်က ရုပ်ရှင်ရိုက်တဲ့ အချိန်ကတည်းက သီချင်းဆိုတာကို ပိုပြီးတော့ ဝါသနာ ပါပါတယ်။ ဒါကြောင့်မို့လို့ သီချင်းဆိုတဲ့အလုပ်ကို အစ်မနိုင်ငံခြားက ပြန်လာတဲ့အချိန်မှာလည်း ပြန်ပြီးတော့ လုပ်ဖြစ်တယ်။ လွယ်လွယ်ကူကူနဲ့ လုပ်တဲ့အတွက်ကြောင့်မို့လို့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်လွတ်လက်လွတ် လုပ်နိုင်တယ်။ ရုပ်ရှင် ရိုက်မယ်ဆိုလို့ရှိရင် နည်းနည်းတာဝန်ကြီးတယ်လို့ မမကိုယ်မမ မြင်တယ်။ အဲဒါကြောင့်မို့လို့ မမရုပ်ရှင်ရိုက်တဲ့ဟာကို ပြောရမယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ် မယုံဘူးပေါ့နော်။ ကိုယ့်ကိုယ်ကို မယုံတဲ့ အတွက်ကြောင့်မို့လို့ ဒါလေးတွေ Ready(အဆင်သင့်) မဖြစ်သေးဘူးလို့ ပြန်ရိုက် မယ် အထဲမှာတော့ မစဉ်းစားသေးပါဘူး။

ဂီတလောကမှာဆိုရင်  အမျိုးသားအဆိုတော်နဲ့ အမျိုးသမီးအဆိုတော်တွေ အောင်မြင်မှု ရကြတာ ချင်းတော့ အတူတူပေါ့။ ဒါပေမဲ့ ကာလကြာရှည်စွာ ကိုယ်ရဲ့အောင်မြင်မှုကို ထိန်းသိမ်းတာ ဆိုတာ ကျတော့ အမျိုးသား အဆိုတော်တွေမှာ များတယ်။ အမျိုးသမီးအဆိုတော်အနေနဲ့ ဘယ်လိုမျိုး သတိထားသင့်တယ်လို့ရော ထင်ပါသလဲရှင်။

အမျိုးသမီးတွေ အနေနဲ့ကတော့ မမထင်တာပေါ့။ အသက်ကြီးလာတဲ့အခါကျလို့ရှိရင် တချို့က ကိုယ်ခန္ဓာ အနေနဲ့ ဝလာတာလေးတွေနော်။ ဒါလေးတွေကို နည်းနည်း သတိထားစေချင်တယ်။ နောက်တစ်ခု ကလည်း ဝသွားလို့ မဆိုတော့ဘူး ဆိုပြီးတော့ စိတ်ပျက်လက်ပျက် မဖြစ်စေချင်ဘူး။  … နောက်တစ်ခု တချို့က ကျတော့လည်း စိတ်ထဲမှာ စိတ်အားငယ်တာလေးတွေ ရှိသလားတော့ မပြောတတ် ဘူးပေါ့နော်။ အစ်မ အနေနဲ့ ကတော့ ဘာဖြစ်ဖြစ် လူတစ်ယောက်ဟာ နာမည်တစ်လုံး ရဖို့ဆိုတာလည်း မလွယ်ဘူး။ အဲ့ဒီနာမည်ကို ကြာကြာထိန်းထားဖို့လည်း မလွယ်ဘူး။ အဲဒီတော့ အဲ့ဒီနှစ်ခုကြားထဲမှာ ကိုယ့်ကို ပရိသတ်အားပေးနေတယ် ဆိုလို့ရှိရင် အားပေးနေတဲ့အလျှောက် ကိုယ်အနုပညာ ဘယ်လို လုပ်ပြနိုင်မလဲဆိုတဲ့ ဟာလေးကိုတော့ စဉ်းစားပြီးတော့ ဖြစ်စေချင်တာပေါ့။ … အစ်မအနေနဲ့ လည်းနောက်ပိုင်း Generation(မျိုးဆက်) တွေကိုလည်း ဒီလိုပဲ အသက်တွေ ကြီး သွားပေမယ့် အနုပညာက အမြဲတမ်းပျိုနေတယ်။ ဘယ်တော့မှ မဟောင်းသွားဘူး မအိုသွားဘူး ။ အဲ့လိုဟာမျိုးနဲ့ပဲ သွားစေချင်တယ်၊ ဘယ်သူ့ကို မဆိုပေါ့နော်။

အစ်မနေခဲ့တဲ့ အမေရိကန်နိုင်ငံက အမျိုးသမီးတွေလည်း ရုန်းကန်လှုပ်ရှားရတဲ့ အပိုင်းပေါ့နော်။ အဲဒါလေးလည်း ပြောပြပေးပါဦး။

ဟိုမှာနေတဲ့ အမျိုးသမီးတွေက ရှင်းရှင်းပြောလို့ရှိရင် ယောက်ျားတွေနဲ့ တန်းတူပေါ့နော်၊ အမြဲတမ်း အလုပ်လုပ်နေတဲ့ အတွက်ကြောင့်မို့လို့ ဘာမဆို နှစ်ယောက်အတူတူ share လုပ်(မျှဝေ)ပြီးတော့ အလုပ်လုပ်ကြတယ်။ ဘယ်ဟာပဲဖြစ်ဖြစ် share လုပ်တယ်ပေါ့နော်။ ဒီမှာကတော့ တချို့က ဗမာရဲ့ ထုံးစံအရ ယောက်ျားဟာ အိမ်ထောင်ဦးစီး ဖြစ်တဲ့အနေနဲ့ သူကအမြဲတမ်း favour ပေး(ဦးစားပေး) ရတဲ့ သဘောမျိုးရှိတယ်။ ဒါဗုဒ္ဓဘာသာ အယူအဆလည်း ဖြစ်ချင်ဖြစ်မှာပေ့ါလေ။  .. ဟိုမှာကတော့ အဲဒီလို မဟုတ်ဘူး မိန်းမကော ယောက်ျားကော အတူတူ အလုပ်လုပ်ရတဲ့အတွက်ကြောင့်မို့လို့ ဘယ်ဟာမဆို အတူတူပဲ၊ နှစ်ယောက်စလုံးက အတူတူပဲ။ သူ့ရဲ့ ရပိုင်ခွင့်တွေကော လုပ်ပိုင်ခွင့်တွေ ကော အကုန်လုံးက ဆတူပဲ ငါးဆယ် ငါးဆယ်ပဲနော်။ … နောက် မမ အလုပ်လုပ်ပါတယ်။  မမက ကလေးတွေကို စာပြတဲ့ ကျောင်းဆရာမ လုပ်ပါတယ်။

အစ်မအနေနဲ့ နိုင်ငံတကာ အတွေ့အကြုံအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် တခြားနိုင်ငံမှာရှိတဲ့ အမျိုးသမီး တွေရဲ့ အခွင့်အရေးရရှိမှု အတိုင်းအတာနဲ့ ဒီမြန်မာနိုင်ငံရှိနေတဲ့ အမျိုးသမီးတွေ ဘယ်လို ကွာဟချက် တွေရှိနေလဲ၊ ဘာတွေ ကြိုးစားသင့်တာလည်း အဲ့ဒါလေး ပြောပြပေးပါဦး။

အခုနက မမပြောသလိုပေါ့ ယောက်ျားနဲ့ မိန်းမက အကုန်လုံးက Equal (တူညီ) ပဲလေ။  အားလုံးက share ပြီး လုပ်တဲ့အတွက်ကြောင့်မို့လို့ ဒီနိုင်ငံမှာလည်း အဲဒီလို ဖြစ်လာသင့်တယ်လို့ အစ်မ ထင် တယ်။ ဒါဟာ တို့ဗမာပြည်ရဲ့ အရေးအကြီးဆုံးအချက်ပဲ။ မိန်းမနဲ့ယောက်ျားနဲ့က တန်းတူ အလုပ်လုပ် ခွင့် ရှိလာတဲ့အခါမှာ မိန်းမတွေရတဲ့ အခွင့်အရေးဟာ ယောက်ျားတွေ ရသလို ဖြစ်ကို ဖြစ်ရမယ်။ ဟိုတလောတုန်းကလည်း နည်းနည်းပြောတဲ့ အသံ ကြားလိုက်တယ်။ တချို့ နောက်အိမ်ထောင် ပြုတယ်၊ မယားငယ် ယူတယ်လို့ ဘာတ့ို ညာတို့ နိုင်ငံခြားမှာ  အစ်မ မကြားမိဘူး။ အစ်မ မကြားမိဘူး ဆိုတာ legally divorce (ဥပဒေအရ ကွာရှင်းပြီး) လုပ်ပြီးတော့မှ သူတို့ ယူချင်ရင် ယူမယ်။ အိမ်ထောင်ပြုနေရင်းနဲ့တော့ ဒီလိုမျိုး ဖြစ်တာမျိုး သိပ်မကြားမိဘူး။ အဲ့ဒါလေးတွေတော့ နည်းနည်း တော့ ကွာမယ်လို့တော့ ထင်တယ်ပေ့ါလေ။

ကျေးဇူးအများကြီးတင်ပါတယ်နော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required