မလေးရှား အကျင့်ပျက်တိုက်ဖျက်ရေးအကြီးအကဲက အသက်ဘေး ခြိ်မ်းခြောက်ခံခဲ့ရဟု ထုတ်ဖော်ပြော

မလေးရှား အကျင့်ပျက်တိုက်ဖျက်ရေးအကြီးအကဲက အသက်ဘေး ခြိ်မ်းခြောက်ခံခဲ့ရဟု ထုတ်ဖော်ပြော

ကွာလာလမ်ပူ၊ မေ ၂၂ ။         ။ မလေးရှားနိုင်ငံတွင် အကျင့်ပျက်ခြစားမှု တို်က်ဖျက်ရေး အေဂျင်စီအကြီးအကဲက စွပ်စွဲချက်များ ပေါ်ပေါက်နေသည့် ဘဏ္ဍာရေး အရှုပ်တော်ပုံကြီးအား စုံစမ်းစစ်ဆေးမှုကို ယခင်အစိုးရဟောင်း နှိပ်ကွပ်နေချိန်က ၎င်းသည် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး စာတိုက်မှ ကျည်ဆန်တစ်တောင့်လှမ်းပို့ခံရသည်နှင့်လည်း ကြံုတွေ့ခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် ယခင် အစိုးရအဖွဲ့ ခေါင်းဆောင်ဟောင်း နာဂျစ်ရာဇတ်ကို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအာဏာပိုင်များက မေ ၂၂ ရက်တွင် ခေါ်ယူစစ်မေးလျက်ရှိသည်။

နာဂျစ်၏ ညွန့်ပေါင်းပါတီသည် မေ ၉ ရက် ရွေးကောက်ပွဲက မဟာသီယာဦးဆောင်သော ပြုပြင်ပြောင်းလဲရေးညွန့်ပေါင်းပါတီကို အံ့အားသင့်စဖွယ် အရှုံးပေးလိုက်ရပြီးနောက် အာဏာအား ဆယ်စုနှစ် ခြောက်ခုစာ ဆုပ်ကိုင်ထားရာမှ လက်လွှတ်လိုက်ရသည်။

နို်င်ငံတော်ရန်ပုံငွေလုပ်ငန်း 1MDB မှ ငွေကြေးများသည် နာဂျစ်၏ ကိုယ်ပိုင်ဘဏ်အကောင့်ထဲ ရောက်ရှိနေသည်ဟု စွပ်စွဲချက်များ ရှိထားရာ မလေးရှားအကျင့်ပျက်ခြစားမှုကော်မရှင် MACC တွင် ခေါ်ယူစစ်မေးနေခြင်းဖြစ်သည်။

MACC တွင် အဆင့်မြင့်အရာရှိအဖြစ် ကာလရှည်ထမ်းဆောင်ရာမှ အငြိမ်းစားယူခဲ့သူ၊ မဟာသီယာက ပြန်လည်ခေါ်ယူခန့်အပ်၍ ယင်းကော်မရှင်၏ အကြီးအကဲဖြစ်လာသူ ဆူကရီအက်ဘ်ဒူက ယခင်အစိုးရလက်ထက် အကျင့်ပျက်ခြစားမှု စုံစမ်းစဉ် များမြောင်သော ဖိအားများနှင့် ခြိမ်းခြောက်မှုများ ကြံုခဲ့ရခြင်းကို ထွက်ဆိုလာခြင်း ဖြစ်သည်။

ခြိမ်းခြောက်မှုများက ကြောက်စရာအကောင်းဆုံးအဆင့်ထိ ရောက်ခဲ့ပြီး ၎င်းအနေဖြင့် ဖမ်းခံရမည်ကို စိုးရိမ်၍ အမေရိကန်သို့ပင် ခဏတာ ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးကြောင်း ပြောသည်။

“ကျွန်တော့်ဆီ ကျည်ဆန်တစ်တောင့် လှမ်းပို့တာလည်း ကြံုခဲ့ရတယ်။ မိန်းမနဲ့ မိသားစုကိုတောင် ကျွန်တော် ဒီအကြောင်းတွေ မပြောခဲ့ဘူး။ ရဲထံလည်း အစီရင်မခံရဲခဲ့ဘူး။”ဟု ၎င်းက ပြောသည်။ ဖိအားများ အလွန်မြင့်တက်လာ၍ ၂၀၁၆ တွင် ပင်စင်ယူတော့ရန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required