NLD အစိုးရလက်ထက် ရန်ကုန်တိုင်းအတွင်း၌ လူသတ်မှုပေါင်း ၃၀၀ ရှိနေ

NLD အစိုးရလက်ထက် ရန်ကုန်တိုင်းအတွင်း၌ လူသတ်မှုပေါင်း ၃၀၀ ရှိနေ

ရန်ကုန် ၊ မေ ၂၂ ။           ။ အမျိုးသားဒီမိုကရေစီ အစိုးရ တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လူသတ်မှု ပေါင်း ၃၀၀ အထိ ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက လွှတ်တော်၌ ဖြေဆိုခဲ့သည်။

ယနေ့ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၃၀)ရက်မြောက်နေ့တွင် လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ရာဇဝတ်မှုကြီး(၁ဝ)မျိုးနှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မည်မျှဖြစ်ပွားခဲ့သည်ကို သိရှိလိုကြောင်း မေးမြန်းမှုကို ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဖြစ်ပွားခဲ့သည့် လူသတ်မှု ၃၀၀ အနက် အမှုပေါင်း ၂၈၀ ကို တရားစွဲဆိုတင်ပို့နိုင်ခဲ့ပြီး ၁၀ မှုကို ပိတ်သိမ်းခဲ့ကာ လက်ကျန်အမှုအနေဖြင့် ၁၀ မှု ရှိနေသည်ဟု ဗိုလ်မှူးကြီး အောင်စိုးမိုးက ဆိုသည်။

ဖော်ထုတ်ရန်ကျန်ရှိနေသည့်အမှုများ ပေါ်ပေါက်စေရန်  ဖြစ်ပွားသော အမှုများနှင့် ပတ်သက်သည့် သတင်းများရရှိရန် ထောက်လှမ်းခြင်း၊ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်နိုင်ရန် ပြစ်ချက်ဟောင်းရှိသည့် တရားခံများအား ဥပဒေနှင့်အညီ စစ်ဆေးခြင်းများ ပြုလုပ်နေသည်ဟု ဗိုလ်မှူးကြီး အောင်စိုးမိုးက လွှတ်တော်တွင် ဖြေဆိုခဲ့သည်။

၂၀၁၆ သြဂုတ်လ ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ် ရွှေနံ့သာ ကျေးရွာအုပ်စုတွင်ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုသည် ယနေ့အချိန်အထိ လူသတ်တရားခံပေါ်ပေါက်ခြင်းမရှိခဲ့ပေ။

ယင်းအပြင် ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက် ရက်နေ့က သာကေတမြို့နယ်၊ (၁၀/တောင်)/ ၁၄ ရပ်ကွက်၊ ရှုခင်းသာလမ်းမကြီး မြရည်နန္ဒာအိမ်ရာဝင်း(လုံးချင်းအိမ်ရာ)တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုတွင်လည်း ယောက်ျားဖြစ်သူမှ ဇနီးဖြစ်သူအား သတ်ဖြတ်ပြီး မိမိကိုယ်ကိုသတ်သေခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူသတ်မှုပေါင်း ၁၉၁ မှု ဖြစ်ပွားခဲ့ပြီး ၁၇၈ မှုကို ဖမ်းဆီးအရေးယူကာ တရားစွဲဆိုတင်ပို့နိုင်ခဲ့ပြီး စုံစမ်းဆဲ အမှု ၁၃ မှု ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required