လူ့အခွင့်အရေးကော်မရှင်မှ စစ်ဆေးရန် ထောင် ၉ ထောင်သာ ကျန်ရှိတော့ဟု ဆို

လူ့အခွင့်အရေးကော်မရှင်မှ စစ်ဆေးရန် ထောင် ၉ ထောင်သာ ကျန်ရှိတော့ဟု ဆို
ဓာတ်ပုံ-သူရ
 

ရန်ကုန် ၊ မေ ၂၂ ။          ။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ရှိမရှိ အား မြန်မာနိုင်ငံအတွင်းရှိ ထောင်များကို လိုက်လံစစ်ဆေးနေရာ ထောင် ၉ ထောင်သာ စစ်ဆေးရန် ကျန်ရှိတော့သည်ဟု လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“၂၀၁၈ မေလအထိပေါ့ ထောင် ဆယ်ထောင် စစ်ပြီးသွားပြီ။ ဒီ ၂၀၁၈ ထဲမှာပဲ။  ကျန်တာက ၉ ထောင်ပဲ ကျန်တာဆိုတော့ နောက် လေးငါးလ အတွင်း ပြီးမှာပဲ ။ ဒီ ၂၀၁၈ မကုန်ခင်မှာ စစ်ပြီးမှာပဲ” ဟု ဦးယုလွင်အောင်က ဆိုသည်။

မြန်မာနိုင်ငံအတွင်း၌ အကျဉ်းထောင်ပေါင်း ၆၂ ခု ရှိပြီး ယင်းအထဲကမှ အကျဉ်းထောင်ပေါင်း ၅၃ ခုအား စစ်ဆေးပြီးစီးပြီး ဖြစ်သည်ဟု သိရသည်။ အဆိုပါ စစ်ဆေးတွေ့ရှိချက်များအား လူ့အခွင့်အရေး ကော်မရှင်မှ အကြံပြုချက် အစီရင်ခံစာရေးပြီး ပြည်ထဲရေးဝန်ကြီးဌာနထံ ပေးပို့ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး နောက် ယခု လက်ရှိအချိန်အထိ အကျဉ်းထောင်ပေါင်း ၅၃  ခုကို စစ်ဆေးပြီးစီးခဲ့ခြင်းလည်း ဖြစ်သည်။

စစ်ဆေးခဲ့သည့် အကျဉ်းထောင်အများစုတွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်း ၊ ရေဝဝလင်လင် မသုံးစွဲရခြင်း စသည့် အချက်များ တွေ့ရှိရပြီး အကျဉ်းထောင်တစ်ခုနှင့် တစ်ခု တွေ့ရှိရသည့်အချက်များ တူညီမှုမရှိကြောင်း  ဦးယုလွင်အောင်က ဆိုသည်။

“ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတယ်။ ရေမလုံလောက်တာတွေ သောက်ရေမသန့်တာတွေ ရှိတယ်။ တစ်ထောင်နဲ့ တစ်ထောင်က မတူဘူးပေါ့။ စားရေးသောက်ရေး အဆင်ပြေတဲ့ထောင်ရှိတယ်။ အဆင်မပြေတဲ့ ထောင် ရှိတယ်။ တစ်ချို့ ထောင်တွေမှာလည်း အကျဉ်းသားကို ရိုက်နှက်မှုတွေနည်းနည်းရှိတယ်။ ဒါကို ပြောတော့ တာဝန်ရှိသူကို အရေးယူတာတွေ ရှိပါတယ်” ဟု ဦးယုလွင်အောင်က ပြောသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အကျဉ်းထောင်များအပြင် ရဲစခန်း ၊ အချုပ်ခန်း ၊ လူငယ်ပြုပြင်ရေး သင်တန်းကျောင်းများအား သွားရောက်စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။

ယင်းအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့်ကိစ္စရပ်များအား တိုင်ကြားလာသည်များကို ကော်မရှင်က သွားရောက်စစ်ဆေးပြီး အရေးယူနိုင်ရန် အစိုးရအဖွဲ့သို့ တင်ပြလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required