NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

နိုင်ငံတော်ရန်ပုံငွေလုပ်ငန်းမှ ဒေါ်လာဘီလီယံများစွာ ရယူမှုအတွက် မလေးရှားတွင် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း

.

ကွာလာလမ်ပူ၊ မေ ၂၁ ။                 ။ ယခင်ခေါင်းဆောင်ဟောင်း နာဂျစ်ရာဇတ် ဦးဆောင်ခဲ့သည့် အကျင့်ပျက်မှုအတွင်း နိုင်ငံတော်ရန်ပုံငွေ လုပ်ငန်း 1MDB မှ အမေရိကန်ဒေါ်လာ ဘီလီယံများစွာ ရယူထားသည်ဆိုသော စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် မလေးရှားနိုင်ငံက မေ ၂၁ ရက်တွင် အထူးတာဝန်အဖွဲ့အား ဖွဲ့စည်းသည်။

မေ ၉ ရက် ရွေးကောက်ပွဲတွင် မလေးရှားနိုင်ငံအား ဆယ်စုနှစ် ခြောက်ခုကျော် အာဏာပိုင်စိုးထားသည့် နာဂျစ်၏ ညွန့်ပေါင်းပါတီကို အံ့သြစဖွယ် အောင်နိုင်ခဲ့သည့် ဝန်ကြီးချုပ်သစ် မဟာသီယာက ပြုပြင်ရေးညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်လျက်ရှိသည်။

အသက် ၉၂ နှစ်ရှိ မဟာသီယာ ရွေးကောက်ပွဲ အောင်နိုင်ရခြင်း၏ အဓိကအကြောင်းချင်းရာသည် နိုင်ငံအတွင်း အာဏာရအသိုင်းအဝန်းကြားက ကြီးမားသော အကျင့်ပျက်ခြစားမှုများကို လူထုက မကျေနပ်ခြင်းနှင့် အထူးသဖြင့် နာဂျစ် တည်ထောင်သော နိုင်ငံတော်ရန်ပုံငွေ လုပ်ငန်းစုကြီးဖြစ်သော 1MDB တွင် အကျင့်ပျက်ခြစားမှုများ အရှုပ်တော်ပုံ ပေါ်ပေါက်ခြင်းတို့ကြောင့်ပဲ ဖြစ်သည်။

မလေးရှားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုကို မြှင့်တင်ရန် ၂၀၀၉ ခုနှစ်အတွင်းက 1MDB အား တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အဆိုပါ ရန်ပုံငွေမှ နာဂျစ်၊ ၎င်း၏ မိသားစုနှင့် ခရိုနီများက ငွေကြေးများ ရယူကာ အိမ်ခြံမြေများမှသည် အနုပညာလက်ရာပစ္စည်းများအထိ အစစအရာရာ ကိုယ်ပိုင်အကျိုးအတွက် အသုံးချနေသည်ဆိုသော စွပ်စွဲချက်များ ပေါ်ထွက်နေခဲ့ခြင်း ဖြစ်သည်။

နာဂျစ် ရာထူးက ဆင်းပေးလိုက်ရချိန်မှစကာ မလေးရှားနိုင်ငံအတွင်း နာဂျစ်နှင့် ဆက်စပ်သော ပိုင်ဆိုင်မှုများကို ရဲတပ်ဖွဲ့က စီးနင်းရှာဖွေခြင်းများ ရှိနေပြီး နာဂျစ်၏ ဇနီးပိုင် ဖြစ်ဖွယ်ရှိသော
တန်ဖိုးမြင့် လက်ကိုင်အိတ်များ အများအပြားနှင့် ငွေနှင့် လက်ဝတ်ရတနာများ ထည့်ထားသောလက်ဆွဲသေတ္တာများစွာကို သိမ်းဆည်းခဲ့သည်။