လောက်စာလုံးထိမှန်၍ မျက်လုံးထိခိုက်ခဲ့သည့် လူရွှင်တော်အား နေပြည်တော်ဆေးရုံတွင် ကုသနေ

လောက်စာလုံးထိမှန်၍ မျက်လုံးထိခိုက်ခဲ့သည့် လူရွှင်တော်အား နေပြည်တော်ဆေးရုံတွင် ကုသနေ
ဓာတ်ပုံ-U Kaung Kyaw

ရန်ကုန် မေ ၂၁ ။                  ။ ရမည်းသင်းမြို့နယ်၊ ရွာတန်းတွင် ဖျော်ဖြေနေစဉ် လောက်စာလုံးပစ်ခတ်မှုကြောင့် မျက်လုံးကျွတ်ထွက်ခဲ့ ရသော လူရွှင်တော် ဆပ်ကပ်ပညာရှင် ကြက်တူရွေး (ခေါ်)ကိုနေမင်းအား နေပြည်တော်မျက်စိအထူးကု ဆေးရုံကြီးတွင် ကုသနေကြောင်း သိရသည်။

ကြက်တူရွေး(ခေါ်)ကိုနေမင်း အသက် ၂၅ နှစ်သည် မျက်လုံးအတွင်း ၀င်သွားသည့် လောက်စာလုံးအား ခွဲစိတ်ထုတ်ပယ်ရန် ဆေးကုသမှုခံယူရမည် ဖြစ်ကြောင်းလည်း သိရသည်။

" ကျွန်မတို့သဘင်အစည်းအရုံးအနေနဲ့ အမှုဖြစ်တဲ့နေရာတွေကို သွားရောက်ပြီး ကာယကံရှင်ကို ကူညီဆောင် ရွက်ပေးနေပါတယ်၊ ဒါနဲ့ပတ်သက်ပြီး စာနယ်ဇင်းတွေကိုလည်း တွေ့ဆုံရှင်းပြသွားဦးမှာပါ၊ လတ်တလော လူနာ က နေပြည်တော်ကို ခေါ်သွားပါပြီ" ဟု ​မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) အတွင်​း​ရေးမှူး ဒေါ်ပတ္တမြား ကေခိုင်က မဇ္ဈိမသို့ ပြောသည်။

ဖြစ်စဉ်မှာ မေလ ၂၀ ရက်နေ့က ရမည်းသင်းမြို့နယ်၊ ရွာတန်း တွင် အောင်ပင်လယ်ဆပ်ကပ်အဖွဲ့မှ လာရောက် ဖျော်ဖြေနေစဉ် ပရိသတ်အတွင်းမှ လောက်စာလုံးဖြင့် ပစ်ခတ်မှုကြောင့် လူရွှင်တော် ဆပ်ကပ်ပညာရှင် ကြက်တူရွေး (ခေါ်)ကိုနေမင်းမှာ မျက်လုံးအတွင်းထဲသို့ လောက်စာလုံးဝင်သွားခဲ့ခြင်းဖြစ်ပြီး မျက်လုံးတစ်ဖက် ထိခိုက်ပျက်စီးခဲ့သည်။

ဗဟိုသဘင် အလုပ်အမှုဆောင်များဖြစ်သည့် ဦဌေးလွင် နှင့် ဦးကျော်ဦး မန္တလေးတိုင်းဒေသကြီး သဘင် အမှုဆောင်များ၊ မန်းသဘင် လူ/ကူ အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ၍ ကူညီထောက်ပံ့ခြင်းများပြုလုပ် နေကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သော လူရွှင်တော်ဆပ်ကပ်ပညာရှင် ကြက် တူရွေး(ခေါ်)ကိုနေမင်းအား မန္တလေးတိုင်းသဘင်လူမှု ကူညီစောင့်ရှောက်ရေးကော်မတီမှ ကျပ်ငွေ ၃သိန်း၊ အာ ဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့၊ တာဝန်ခံ ဦးကျော်ဦးမှ ကျပ် ငွေ ၃ သိန်း၊ ရွှေမန်းသဘင် ဦးချမ်းသာမှ ကျပ်ငွေ ၁ သိန်း၊ စံပြသဘင်၊ ဟန်ဇာမိုးဝင်းမှ ကျပ်ငွေ ၁သိန်းနှင့် ရမည်းသင်းမြို့နယ်၊ သဘင်အစည်းအရုံးမှ ကျပ်ငွေ ၃ သောင်းတို့အား စုပေါင်းကူညီထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)မှ “ မိမိတတ်ကျွမ်းသော အတတ်ပညာဖြင့် ပရိသတ်အား ရိုးသားစွာ ဖျော်ဖြေတင်ဆက်နေသည့် သဘင်အနုပညာရှင်၊ အတတ်ပညာရှင်များအပေါ် ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်စွာ ပြုမူခြင်းအတွက် လွန်စွာထိခိုက်ဝမး်နည်းရပြီး ယင်းဖြစ်စဉ်အပေါ် ပြင်းထန်စွာရှုတ်ချပါကြောင်း” ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်တွင် “ ရမည်းသင်း ရွာတန်းရွာသည် သွားရောက်ကပြဖျော်ဖြေသည့် သဘင်အဖွဲ့ အများစု အပေါ် ရန်ဖြစ် အကြမ်းဖက်လေ့ရှိသည့်နေရာဒေသ ဖြစ်သောကြောင့် နောင်တွင် ထိုဒေသသို့ သွားရောက်ကပြ ဖျော်ဖြေမည့် သဘင်အဖွဲ့များအနေဖြင့် သတိပြုဆင်ခြင်နိုင်ကြပါရန်နှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး အနေဖြင့် သဘင်အဖွဲ့များ၏ လုံခြံုရေးအတွက် ကာကွယ်စောင့်ရှောက်မှုများ ယခုထက်ပိုမိုရရှိစေရန် သက်ဆိုင်ရာအစိုးရဌာနအသီးသီးထံ ဆက်သွယ်ကြိုးပမ်း ဆောင်ရွက်မှာဖြစ်ကြောင်း” လည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မေလ ၂၁ ရက်နေ့ တွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) တွင် စာနယ်ဇင်းများအား အသိပေးရှင်းလင်းသွားမည် ဖြစ်ကြောင်း အတွင်​း​ရေးမှူး ဒေါ်ပတ္တမြားကေခိုင်၏ ပြောပြချက် အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly