တပ်မတော်နှင့် AA တို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး တိုက်ပွဲဖြစ်

တပ်မတော်နှင့် AA တို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး တိုက်ပွဲဖြစ်
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

 

ရန်ကုန်၊ မေ ၂၁ ။                          ။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် (၆၃) နှင့် (၆၄)အနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝဒေသတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး မေလ ၂၀ ရက်နေ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး တိုက်ပွဲပါ၀င်ပါက စုစုပေါင်း ထိပ်တိုက်တွေ့မှု ၅ ကြိမ်ရှိပြီဖြစ်ကြောင်း AA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မဇ္ဈိမသို့ ပြောသည်။

“ မနေ့ကဖြစ်တာတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ နီးတယ်ဗျ။ ဘူးသီးတောင်မြို့နယ်ရဲ့အဖျားပိုင်း နယ်စပ် မှတ်တိုင်ဆိုလို့ရှိရင်တော့ ၆၃၊ ၆၄ နဲ့ နီးတာပေါ့ ”  ဟု ၄င်းက ဆိုသည်။

အဆိုပါတိုက်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ ၉ ဦးကျဆုံးပြီး AA ဘက်မှ ၁ ဦးကျဆုံးခဲ့သည် ဟုလည်း ရက္ခိုင့်တပ် သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်မှ တာဝန်ရှိသူအချို့ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

တပ်မတော်နှင့် AA တို့ မေလ ၃ ရက်၊ ၉ ရက်၊ ၁၄ရက် နေ့ နှင့် ၁၈ရက် နေ့များတွင် တိုက်ပွဲကြီး/ တိုက်ပွဲငယ်များ ရှိခဲ့ပြီး မေလ ၂၀ ရက်နေ့အထိ ငါးကြိမ်မြောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း လည်း ဖြစ်သည်။

တိုက်ပွဲနောက်ဆုံးဖြစ်ခဲ့သည့်နေရာတွင် တပ်မတော်မှ စစ်အင်အား များဖြည့်တင်းနေသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သေးကြောင်းလည်း ဦးခိုင်သုခက ဆိုသည်။

ထို့အပြင် တိုက်ပွဲများလျော့ချနိုင်ရန်နှင့် ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် AA ဘက်မှ တပ်မတော်၊ အစိုးရတို့နှင့် ဆွေးနွေးရန်အတွက် အမြဲတမ်း တံခါးဖွင့်ထားသည်ဟုလည်း ၄င်းက ပြောသည်။

ရက္ခိုင့်အဖွဲ့ AA သည် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်၍ “၀” အဖွဲ့ ဦးဆောင်ပြီး မြောက်ပိုင်းမဟာမိတ်များဖြင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်လည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required